အစိုးရ၏ စစ်တပ်နှင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ်ခွဲ မုန်ဘောကျေးရွာအနီးတွင် စက်တင်ဘာလ ၂၉ ရက်က တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)အဖွဲ့မှ အမည်မဖော်လိုသည့် အရာရှိ တစ်ဦးက မဇ္စျိမကို ပြောသည်။
မုန်ဘော် ပြည်သူ့စစ်အခြေစိုက်သည့် နေရာအနီးတွင် အစိုးရ၏ တပ်မ ၈၈ နှင့် KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် ၃၈တို့ မိနစ် ၃၀ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၄ တပ်ရင်းမှူး တစ်ဦးက ပြောသည်။
“မနေ့က ညပိုင်း နာရီဝက်လောက်ကြာ မုန်ဘော်ပြည်သူစစ်ရဲ့ကုန်းအနားမှာ တိုက်ပွဲဖြစ်တာ။ ၃၆၊ ၃၈ မုန်ဘော် နယ်မှာ ဖြစ်တာ။ အစိုးရစစ်တပ်က ကျွန်တော်တို့ နယ်မြေထဲ လှုပ်ရှားနေတာကြာပြီ။ သူတို့ ပုံမှန်သွားလာနေတာ မနေ့ကတော့ တိုက်ပွဲဖြစ်တာပါ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲ ဖြစ်ပွားသော မုန်းဘော်ကျေးရွာအနီးတွင် နှစ်ဖက်တပ်များ နီးကပ်စွာ စောင့်ကြည့်နေသဖြင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု အဆိုပါ တပ်ရင်းမှူးက ဆက်ပြောသည်။
“အစိုးရတပ်မတွေ အရမ်းထိုးလာနေပြီ။ ကျွန်တော်တို့ စောင့်ကြည့်နေကြတာ။ သိပ်နီးကပ်လာပြီ။ တိုက်ပွဲဒီ ညလား မနက်ဖြန်လား ပြန်ဖြစ်နိုင်တယ်။ အစိုးရ စစ်အင်အားက ၁၀၀၀ ဂဏန်းရှိမယ်။ ကျွန်တော်တို့ဘက် ကလည်း ပြင်ဆင်မှုတော့ လုပ်နေတယ်။ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်” ဟု သူက ပြောသည်။
အစိုးရနှင့် ကေအိုင်အိုတို့ ပြီးခဲ့သည့် ရက်သတ္တပတ် ၃ ပတ်နီးပါးကြာ တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့သော်လည်း စက်တင်ဘာ ၂၉ ရက်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ ဦးလှမောင်ရွှေကို တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် မဇ္စျိမက ဆက်သွယ်မေးမြန်းရာ နှစ်ဖက်တိုက်ပွဲ အခြေအနေကို မသိရှိရသေး၍ ဖြေကြားနိုင်ခြင်း မရှိဟု ပြောကြားခဲ့သည်။