ဖားကန့်တွင် မူးယစ်တိုက်ဖျက်ရေးအတွက် ဆန္ဒပြ

ဖားကန့်တွင် မူးယစ်တိုက်ဖျက်ရေးအတွက် ဆန္ဒပြ
by -
မဇ္စျိမ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆန္ဒထုတ်ဖော်ပွဲကို ခရစ်ယာန် ဘာသာရေး ဂိုဏ်းပေါင်းစုံနှင့် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ဦးဆောင်၍ စက်တင်ဘာ ၂၉ ရက်က ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒထုတ်ဖော်မှုကို ကြီးကြပ်သူ ကိုဘရန်မိုင်က မဇ္စျိမကို ပြောသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝေခါ၊ မဂါးပါ၊ ဆပ်ပြောချောင်း၊ မော်ကလုံ၊ ဂျန်ဂါကျေးရွာများတွင် စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီမှ ၁၂ နာရီထိ လူထု ၆၀၀ ခန့်က လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သည်။

“ကျွန်တော်တို့ ဝေခါရွာကနေ တစ်ပတ်ပတ်ပြီး ဂျန်ဂါထိ တပတ်ပတ်တယ်။ အားလုံး လမ်းလျှောက်တာ ၁၂ မိုင်လောက်ရှိမယ်။ ဝေခါဒေသမှာ မူးယစ်ဆေးဝါး စားသုံးသူတွေနဲ့ ရောင်းဝယ်သူတွေများလို့ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ဖျက်တာ ဖြစ်တယ်” ဟု ကိုဘရန်မိုင်က ပြောသည်။

မော်တော်ကား ၁၅ စီးနှင့် ဆိုင်ကယ်  အစီး၆၀ ခန့်ဖြင့် လူ ၆၀၀ ခန့်သည် ကြွေးကြော်ခြင်း မရှိဘဲ “ဘုံရန်သူ မူးယစ်ဆေးဝါးကို လူထုအင်အားဖြင့် စုပေါင်းတိုက်ဖျက်ကြပါစို့” ဟု ရေးသားထားသည့် ဗီနိုင်းများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု သူက ပြောသည်။

အစိုးရ အာဏာပိုင်များဘက်မှ မူးယစ်ဆေးဝါး တိုက်ဖျက်မှုများ လုပ်ဆောင်ခြင်း မရှိသေးသော်လည်း ဆန္ဒဖော်ထုတ်မှုကိုမူ တားဆီးခြင်း မရှိဘဲ လမ်းကြောင်းရှင်းလင်းပေးမှုများ လုပ်ဆောင်ပေးခဲ့သည်ဟု ကိုဘရန်မိုင်က ပြောသည်။

ထို့ပြင် ဖားကန့်၊ ဆိုင်းတောင်၊ သံမခန်၊ လုံးခင်း၊ လုံခါနှင့် ကားမိုင်းစသည့် နေရာများတွင် စက်တင်ဘာလ ၂၉ ရက်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆန္ဒဖော်ထုတ်ပွဲ တစ်ပြိုင်နက် ကျင်းပရခြင်း ဖြစ်သည်ဟု ကိုဘရန်မိုင်က ပြောသည်။

စက်တင်ဘာလ ၂၅ ရက်မှ စတင်၍ ဆပ်ပြာချောင်း နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ မူးယစ်ဆေးဝါး သုံးစွဲသူ ၁၆ ဦးကို မူးယစ်ဆေးဖျက်ပေးရန်အတွက် ဘုရားကျောင်းတွင် ဆရာဝန်များဖြင့် ဆေးကုသမှု ပေးခဲ့သည်ဟု သိရသည်။

စက်တင်ဘာလ ၂၇ ရက်က ဝေခါနှင့် ဂျန်ဂါတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်းဘုတ် ထူထောင်လိုက်ကြောင်း သူက ဆိုသည်။

ကားမိုင်း၊ ကောင်ရာ၊ ထွယ်ဆန်ယန် စသည့်ကျေးရွာများတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီဝင်များနှင့် ရပ်မိရပ်ဖများက တစ်အိမ်ဝင် တစ်အိမ်ထွက် မူးယစ်ဆေးဝါး ပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့သည်ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီ၏ ပညာပေးအဖြစ် ပါဝင်သူလည်း ဖြစ်သူ ဆရာဆိုင်းအောင်က မဇ္စျိမကို ပြောသည်။

လက်ရှိ ကားမိုင်းမြို့မှ မူးယစ်ဆေးဝါးသုံးစွဲသူ ၂၀ ကျော်ကို မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာရှိ ကက်စလစ် အသင်းတော်ရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်းသို့ ပို့ဆောင်၍ ဘိန်းဖျက်ပေးနေသည်ဟု သူက

ဆိုသည်။ လက်ရှိ ဘိန်းဖျက်စခန်း မလုံလောက်၍ ကားမိုင်းမြို့တွင်လည်း ဘိန်းဖျက်စခန်း ဆောက်လုပ်ရန် လိုအပ်နေသည်ဟု သူက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ ဖားကန့်မြို့အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ် ဖောက်ကားမှု များပြားနေခြင်းကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ခရစ်ယာန်ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ဦးဆောင်၍ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပြည်သူလူတို့ ပူးပေါင်း၍ ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ကချင်ဒေသအတွင်း မူးယစ်ဆေးဝါးပညာပေး ဟောပြောမှုများ လုပ်ဆောင်ရန်အတွက် ၂၀၁၄ ခုနှစ် ဧပြီလက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံ ပြီးလျှင် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး၏ ဘိန်းစိုက်ပျိုးမှု ၉၀ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် ရှိသည်ဟု UNODC ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုသာမက စိတ်ကြွဆေးပြဿနာပါ ရင်ဆိုင်နေရသည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇွန်လ ၁၆ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Most read this week