အစိုးရတပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့အကြား လက်နက်ကိုင် ပဋိပက္ခ ဆက်လက် မကြီးထွားစေရန်အတွက် အောက်ခြေတပ်များအား ထိန်းချုပ်ရန် စစ်ဆင်ရေးအထူးအဖွဲ့ (၄) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ညွှန်ကြားထားသည်ဟု DKBA အဖွဲ့၏ မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ အဖွဲ့ရဲ့ ဗိုလ်မှူး စောလုံလုံကနေတဆင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ကိုယ့်တပ်တွေ ကိုယ် ထိန်းဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ အောက်ခြေ တပ်တွေကို ထပ်မံ ထိတွေ့မှု မဖြစ်အောင် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ မလိုအပ်ဘဲ လှုပ်ရှားမှုတွေ မလုပ် အောင်လည်း ညွှန်ကြားထားပါတယ်” ဟု ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။
စက်တင် ဘာလ ၂၇ ရက် နေ့လည်ပိုင်းက မြဝတီ မြို့သို့ ဝင်လာသည့် အစိုးရ ကားတန်းအား လက်နက်ကြီး အာပီဂျီဖြင့် ပစ်ခတ်ရာမှ DKBAနှင့် အစိုးရတပ်တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဗိုလ်တိုက်ဂါးတို့နဲ့ ဗိုလ်ကျော်သက်တို့နဲ့ ပေါင်းပြီးပစ်တယ်လို့ ယူဆနေကြတယ်။ ကားတန်းကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကားကို ကျော်ပြီး ဂေါက်ကွင်းမှာ ကျပေါက်သွားတယ်” ဟု ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မှှူး နိုင်မောင်ဇော်က ပြောသည်။
အစိုးရတပ်၏ကားတန်းမှာ မြဝတီ အခြေစိုက် ခမရ ၃၅၅ နှင့် ခမရ ၃၅၆ တပ်မှ မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်ရှိ ဝဲကလီရွာတွင် အခြေ စိုက်သည့် တိုင်းဗဟို (၄) တန်းမြင့် စစ်ရေး လေ့ကျင့်ရေး ကျောင်းမှ သင်တန်း ပြီး၍ ပြန်လာသည့် တပ်သားများအား ပြန်လည် သယ်ဆောင်လာစဉ် မြဝတီ မြို့အဝင် အာရှလမ်းမကြီး၊ မဲက နယ်ရွာတွင် DKBA ဘက်မှ လက်နက်ကြီးဖြင့် စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုပစ်ခတ်မှုမှာ DKBA တပ်မှ ပစ်ခတ်မှု ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးကြောင်းနှင့် ဖြစ်စဉ် အမှန်အား စုံစမ်း နေဆဲ ဖြစ်ကြောင်း ဗိုလ်ကြီးစောစိုးမြင့်က ပြောသည်။
“ပစ်သွားတာက ကရင်လုံချည် ဝတ်ထားတယ်။ ယူနီဖောင်းမပါ ဘာမပါဘူး။ အဲ့လူက ပစ်သွားတယ်ဆိုတော့ ကျွန်တော်တို့ လူလား ဆိုတာလည်း တထစ်ချ ပြောလို့ မရသေးဘူး ၊ ကျွှန်တော်တို့ ဖြစ်စဉ် အမှန်ကို တည်ဆောက်နေပါတယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
မွန်းလွှဲ ၁ နာရီခန့်ကစပြီး တင်းမာမှု လျော့ကျကာ ပစ်ခတ်မှု ငြိမ်သက်သွားပြီဟု ဆိုသော်လည်း မြဝတီမြို့တွင်မူ အသွားအလာမရှိတော့ဘဲ တိတ်ဆိတ််နေကာ လမ်းမကြီးတန်းရှိ ဆိုင်ကြီးများလည်း ပိတ်ထားသလို စျေးနှုန်းစာ သင်ကျောင်းများလည်း ပိတ်ထားသည်ဟု မြဝတီ မြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတင်စိုးကဆို သည်။
“ဘယ်အဖွဲ့က ပစ်တာလဲ ဆိုတာတော့ ကျွန်တော် မသိဘူး၊ ဟိုအဖွဲ့ (အစိုးရ) တပ်ကားကို လက်နက်ကြီးနဲ့ လှမ်းချ လိုက်တာပဲ၊ သူတို့ကို တိုက်ရိုက် မထိဘူး၊ ကားနဲ့ ပေသုံးဆယ် ကွာတယ် အဲမှာ သွားပေါက်တယ်၊ လူတွေကတော့ အထိအခိုက်မရှိဘူး” ဟု ဦးတင်စိုးက ပြောသည်။
စက်တင်ဘာ ၂၆ ရက်ကလည်း မွန်ပြည်နယ် ကျိုက်မရော မြို့နယ်၌ အစိုးရတပ် ခလရ ၂၀၈ တပ်ရင်းပိုင် ကားအား DKBA မှ စတင် ပစ်ခတ်ရာမှ တပ်မတော်နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင် အစိုးရ အာဏာပိုင် ၊ ရဲနှင့် SB စုစုပေါင်း ၈ဦးကို DKBA မှ ခေတ္တဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ညနေ (၄) နာရီတွင် ပြန်လွှတ်ပေးခဲ့သည်။
သို့သော် ထိုနေ့တိုက်ပွဲတွင်မူ တပ်မတော်၏ ခလရ ၂၀၈ တပ်မှ သေနတ် (၇) လက်ခန့်အား DKBA အဖွဲ့မှ ယခု ထိ သိမ်းယူထားဆဲ ဖြစ်သည်။
အဆိုပါ စက်တင်ဘာ ၂၆ ရက်က ပစ်ခတ်မှုကြောင့် ကားပေါ်တွင် ပါလာသည့် ခလရ ၂၀၈ မှ ဗိုလ်မှုး တစ်ဦး ပေါင်တွင် လက်နက်ငယ် ကျည်ဆံ ထိမှန်ခဲ့သလို ယဉ်မောင်း တပ်ကြပ်မှာ ဘယ်ဘက် ရင်ဘတ်၌ လက်နက် ငယ် ထိမှန်ခဲ့ကာ နောက်၌ ထိုင်နေသည့် တပ်ကြပ်ကြီး တစ်ဦးမှာလည်း ညာဘက် လက်မောင်းတွင် လက်နက် ငယ်ထိကာ ဒဏ်ရာ အသီးသီးရခဲ့သည်။
လက်ရှိတွင် တပ်မတော်မှ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းများအား တပ်လှန့် ထားကာ DKBA မှ သိမ်းဆည်း သွားသည့် တပ်မတော် လက်နက်များ ပြန်လည် ရရှိရေး ညှိနှိုင်းနေသည်။