အပစ်ရပ်မူကြမ်းဆွေးနွေးမှု ပြီးဆုံးသွားသော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ မရရှိ

အပစ်ရပ်မူကြမ်းဆွေးနွေးမှု ပြီးဆုံးသွားသော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ မရရှိ
by -
မဇ္စျိမ

ငါးရက်တာ ဆွေးနွေးခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် အပစ်ရပ်မူကြမ်းညှိနှိုင်းမှုတွင် တိကျသည့် သဘောတူညီမှု တစ်စုံတစ်ရာမရရှိခဲ့ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၊ခေါင်းဆောင် နိုင်ဟံသာက မဇ္စျိမကို ပြောသည်။

“အရင်ပတ် အစည်းအဝေးတွေနဲ့ စာရင်တော့ အခက်အခဲတွေ ပိုရှိတယ်၊ အခက်ခဲဆုံးပဲ၊ ဒါပေမယ့် နှစ်ပေါင်း ၆၀ကျော် ရှေ့တန်းမှာဖြေရှင်းခဲ့ရတဲ့ ကိစ္စနဲ့ စာရင်တော့ မခက်ပါဘူး၊ ရအောင်ဆက်လုပ်ပါမယ်" ဟု နိုင်ဟံသာက ပြောသည်။

ဆွေးနွေးပွဲမှာ စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက်ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနတွင် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Peace-Meeting-03

အပစ်ရပ်မူကြမ်းတွင် သဘောတူညီမှု အပြီးသတ်ရရှိရန် ကျန်ရှိနေသည့် အချက်များမှာ အပစ်ရပ်စဲရာတွင် နှစ်ဖက်တပ်များ အပြန်အလှန်လိုက်နာရမည့် စစ်သည်တော်ဆိုင်ရာ ကတိကဝတ်များ၊ အပစ်ရပ်ပြီးနောက်နှင့် နိုင်ငံရေးဆွေးနွေးပွဲ မစတင်မှီ ကြားကာလအတွင်း တပ်နေရာချထားရေး၊ တိုင်းရင်းသားလက်နက်ကိုင် တပ်များမှ တပ်သားသစ်မစုဆောင်းရေး ၊ ပစ်ခတ်မှုပြန်လည်မဖြစ်ပွားစေရန် နှစ်ဖက်ပူးပေါင်းစောင့်ကြည့် ကော်မတီများ ဖွဲ့စည်းရေး ၊ အပစ်ရပ်စာချုပ်တွင် ပါဝင်လတ်မှတ်ရေးထိုးမည့်သူများ ရွေးချယ်ရေး၊ အပစ်ရပ်ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်မည့် အစုအဖွဲ့ဆိုင်ရာ ကိစ္စရပ်များ ဖြစ်သည်။

ထိုအချက်များမှာ သြဂုတ်လ၊ ပဌ္စမအကြိမ် အပစ်ရပ်မူကြမ်းဆွေးနွေးပွဲတွင် ဆွေးနွေးရန် ကျန်ရှိနေခဲ့သည့် အချက်များပင် ဖြစ်သည်။

ငါးရက်တာ ဆွေးနွေးမှုတွင် မပြီးပြတ်ခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ နိုင်ဟံသာက “ ဒီတစ်ခါ တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်တွေက အသစ်တွေ ရောက်နေတော့ သူတို့က အဆုံးအဖြတ်မပေးရဲသေးဘူး၊ သူတို့အထက်ကို မေးရမယ်တဲ့" ဟု ဆိုသည်။

အပစ်ရပ်ပြီးနောက် ပါဝင်မည့် အစုအဖွဲ့များနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ်များဘက်မှ အစုအဖွဲ့ (၇) ဖွဲ့ (အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ) နှင့် တိုင်းရင်းသားများဘက်မှ အစိုးရ (အစိုးရကိုယ်စားလှယ်၊ လွှတ်တော်၊ တပ်မတော်) ၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီဟူ၍ အစုအဖွဲ့ (၃) ဖွဲ့ ဟူ၍ သဘောထားကွဲလွဲ နေသေးသည်။

ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်အလက်များအပြင် သြဂုတ်လတွင် နှစ်ဖက်အပြန်အလှန် သဘောတူညီခဲ့ပြီး ဖြစ်သည့် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးနှင့် “တော်လှန်ရေး “ ဟူသည့် စကားလုံးအား အပစ်ရပ်စာချုပ်တွင် မသုံးရန်ဟူသည့်အချက်တို့အား တပ်မတော်အထက်ပိုင်း ကိုယ်စားလှယ်များမှ မကြေလည်သဖြင့် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်နေရသည်ဟု NCCT ခေါင်းဆောင်များက ဆိုသည်။

ထို့ပြင် ပဋ္ဌမအကြိမ်မြောက် အပစ်ရပ်မူကြမ်းဆွေးနွေးသည့် သြဂုတ်လတွင် တိုင်းရင်းသားတို့ဘက်မှ အဓိက တင်ထားခဲ့သည့် ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးများ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်အား အကောင်အထည်ဖော်ရန် သဘောတူညီခဲ့သည့် အပေါ်တွင်လည်း တပ်မတော်အထက်ပိုင်း ကိုယ်စားလှယ်များမှ မကျေလည်ဟု သတင်းစကားများ ကြားသိရကြောင်း NCCT ခေါင်းဆောင်များက မဇ္စျိမ ကိုပြောသည်။

တပ်မတော် ကိုယ်စားလှယ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် နှစ်ဖက်ပူးပေါင်းလုံခြံုရေးဟူသည့် ကိစ္စရပ်များတွင်သာ ပူးပေါင်းလုပ်ဆောင်လိုပြီး ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးအား လက်မခံခြင်း ဖြစ်သည်။

တော်လှန်ရေး စကားလုံးမှာ ခေါင်းစဉ်တွင် မသုံးနှုန်းဘဲ စာချုပ်အတွင်းပိုင်း သုံးနေရာခန့်တွင်သာ သုံးရန် တိုင်းရင်းသားတို့နှင့် အစိုးရ ကိုယ်စားလှယ်များကြား သဘောတူညီမှုရရှိပြီး ဖြစ်သည်။

ဆွေးနွေးပွဲ ပြုလုပ်နေစဉ် တိုင်းရင်းသားနယ်မြေအချို့ရှိ အောက်ခြေတပ်များတွင် တပ်မတော်နှင့် ဆက်ဆံရေး တင်းမာမှုများ ပြန်လည်ရှိနေပြီး ကာကွယ်ရေးဦးစီးချုပ်မှ ၎င်း၏ သင်တန်းဆင်း တပ်သားတို့အား ပြောဆိုခဲ့သည့် မိန့်ခွန်းများအပေါ်တွင် တိုင်းရင်းသားတို့အနေဖြင့် ကျေလည်မှု မရှိဟု နိုင်ဟံသာက ပြောသည်။

ထိုအချက်အလက် အားလုံးပြေလည်ရန် အဓိက ညှိနှိုင်းမှုများ ပြုလုပ်ရမည့် ဆွေးနွေးဘက်မှာ တပ်မတော် ကိုယ်စားလှယ်များသာ ဖြစ်သည်ဟု NCCT ခေါင်းဆောင်များက ပြောသည်။

တပ်မတော်နှင့် အဓိက မပြေလည်သည့် ကိစ္စရပ်များမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ၊ တပ်နေရာ ချထားရေးများ၊ အပစ်ရပ်ပြီးနောက် နှစ်ဖက်စစ်သည်တော်များ အပြန်အလှန်လိုက်နာရမည့် ကတိကဝတ်များ၊ အနာဂတ်တွင် ပုံဖော်ရမည့် ပြည်ထောင်စုဟူသည့် ခေါင်းစဉ်များ ဆွေးနွေးရာတွင် တစ်ဆို့နေခြင်း ဖြစ်သည်ဟု NCCT ခေါင်းဆောင်များက ဆိုသည်။

အပစ်ရပ်မူကြမ်းအား စက်တင်ဘာလတွင် အပြီးသတ်နိုင်ရန် နှစ်ဖက်ခေါင်းဆောင်များမှ မျှော်လင့်ထားခဲ့ပြီး ဆွေးနွေးမှု မပြီးပြတ်ခဲ့သည့် အပေါ်တွင် နှစ်ဖက်ခေါင်းဆောင်များမှ မှတ်ချက် တစ်စုံတစ်ရာပေးခဲ့ခြင်း မရှိပေ။

အထက်ပါပြောဆိုချက်များနှင့်ပတ်သတ်၍ နိုင်ဟံသာက “အောက်တိုဘာ လတ်မှတ်ထိုးမယ်ဆိုတာ အစိုးရဘက်ကပဲ ပြောနေတာ၊ ကျွန်တော်တို့ဘက်က ကတိတွေပေးတာပြောတာ မရှိဘူး၊ ဒီတိုင်း ညှိမရသေးရင်တော့ အပစ်ရပ်ဖို့ တစ်ဆို့နေမယ်ဆို လတ်မှတ်ထိုးဖို့ကလည်း  ကြာဦးမယ်" ဟု ဆိုသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ တပ်မတော် ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးများအား  တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ၊ နိုင်ငံရေးဆွေးနွေးမှုများနှင့် ပတ်သတ်၍ မဇ္စျိမ မှ မေးမြန်းခဲ့ရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

ဆွေးနွေးနေဆဲဖြစ်သည့် အပစ်ရပ်မူကြမ်းအား အချက်အလက်များ မကျန်ရှိစေရန် စစ်ဆေးမှု (၄) ကြိမ် ပြုလုပ် ပြီးဖြစ်သည်။ မူကြမ်း ဆွေးနွေးပွဲအား အောက်တိုဘာလတွင် ဆက်လက်ပြုလုပ်သွားရန် နှစ်ဖက်သဘောတူညီမှုများ ပြုလုပ်ထားသည်။