အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုရာတွင် သက်သေအဖြစ် ပါ၀င်လက်မှတ် ရေးထိုးရန် ကုလသမဂ္ဂနှင့် တရုတ်သံတမန်များကို ထိပ်ဆုံးတွင် လျာထားသည်ဟု NCCT အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်မှူး စောလုံ့လုံ့က စက်တင်ဘာ ၂၅ တွင် မဇ္စျိမကို ပြောသည်။
ဗိုလ်မှူးစောလုံ့လုံ့က “နောက်ဆုံးသတ် မှတ်ချက်တော့ မဟုတ်သေးပေမယ့် နှစ်ဖက်ခေါင်းဆောင်တွေက UN နဲ့ တရုတ်ကို ထိပ်ဆုံးမှာ လျာထားတယ်၊ သူတို့နောက်မှာ အခြားနိုင်ငံတွေရှိတယ်” ဟု ဆိုသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် NCCT ခေါင်းဆောင်များမှာ အသိသက်သေအဖြစ် UN နှင့် တရုတ်နိုင်ငံအပြင် အမေရိကန်နိုင်ငံ၊ ဥရောပသမဂ္ဂနှင့် ဂျပန် နိုင်ငံတို့ကိုလည်း လျာထားချက်များရှိသည်ဟု ဆိုသည်။
ဗိုလ်မှူး စောလုံ့လုံ့က “ ကျွန်တော်တို့ကို လာလွှမ်းမိုးမယ့်သူကိုတော့ ရွေးချယ်မှာ မဟုတ်ဘူး” ဟု ပြော သည်။
အပစ်ရပ် လက်မှတ်ထိုးနိုင်ရန် စာချုပ်မှာ မူကြမ်းပါ အချက်များညှိနှိုင်းနေဆဲဖြစ်ပြီး စက်တင်ဘာ ၂၅ ရက် တွင် မူကြမ်းပါ အခန်း(၇)၊ အချက် ၃၂ ချက်အား အပြီးသတ်ဆွေးနွေးပြီးခဲ့သည်။ သို့သော် အခန်း (၃) အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခန်း(၄) အပစ်အခတ်ရပ်စဲ ရေးကို ခိုင်မာအောင် လုပ်ဆောင်ရမည့် အချက်များပါ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသားတို့ သဘောတူညီမှု မရရှိသေးပေ။
ထို့ပြင် အခန်း(၅) နိုင်ငံရေးဆွေးနွေးရန် အပြန်အလှန် ကတိပြုခြင်းတွင် အပစ်ရပ်ပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါ၀င်မည့် အစုအဖွဲ့သတ်မှတ်ရေးနှင့် အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ထိုး မည့်သူများ ရွေးချယ်ရေး နှစ်ဖက်သဘော တူရန်ကျန်နေသည်။