မီဒီယာသမားများကို ထောင်ချနိုင်သည့် လွန်ခဲ့သည့်နှစ်ပေါင်း ၉၁ နှစ် (၁၉၂၃ ခုနှစ်) အင်္ဂလိပ်လက်ထက်က ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံအစိုးရလျှိုဝှက်အက်ဥပဒေကို ပြင်ဆင်ရန် အဆိုကို သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်ညွန့်က တင်သွင်းခဲ့သော်လည်း လွှတ်တော်က ပယ်ချလိုက်သည်။
ယင်းဥပဒေကို ပြင်ဆင်ရန် သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က စက်တင်ဘာ ၂၅ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းရာတွင် အဆိုတင်သွင်း သူဦးသိန်းညွန့်မှလွဲ၍ ထောက်ခံသူ တစ်ဦးတစ်ယောက်မျှ မရှိသည့်အပြင် လွှတ်တော်ကော်မတီ များကလည်း မထောက်ခံခဲ့ပေ။
ဦးသိန်းညွန့်က အဆိုပါဥပဒေပါ ပုဒ်မ ၃၊ အပိုဒ် ၁ အောက်တွင် တစ်ဦးတစ်ယောက်သောသူသည် ပိတ်ပင်တားမြစ်ထားသည့် နေရာတစ်ခုခုဖြစ်ကြောင်း ထိုသူက မသိရှိလျှင် အစိုးရလျှို့ဝှက်ချက်ကို ထိခိုက်စေမည်ဖြစ်သည်ဟု မမည်၊ ပိတ်ပင်တားမြစ်ထားသည့် နေရာဟုတ်၊ မဟုတ်ဆိုသော အချက်မှာ အကြောင်းအချင်းရာ ပြဿနာဖြစ်သည်။
ထို့ပြင် သက်ဆိုင်ရာအဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့် အညီအစိုးရရုံးဌာန၊ အဖွဲ့အစည်းများတွင် သတင်းအချက်အလက် ရယူခွင့်၊ နေရာထိုင်ခွင့်ရခွင့်နှင့် ဝင်ထွက်သွားလာခွင့်တို့သည် နိုင်ငံလုံခြုံရေးကိုဖြစ်စေ၊ နိုင်ငံအကျိုးကိုဖြစ်စေ ထိခိုက်မှုမမည် ဟူ၍ ကင်းလွတ်ချက်နှစ်ချက် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါဥပဒေပုဒ်မ ၅၊ ပုဒ်မ ၃၊ အပိုဒ် ၂ ကို ပယ်ဖျက်ပြီး "နိုင်ငံတော် လုံခြုံရေးကိုဖြစ်စေ၊ နိုင်ငံအကျိုး ကိုဖြစ်စေ ထိခိုက်စေရန် ရည်ရွယ်ကြောင်း စွပ်စွဲသူက သက်သေမထူနိုင်လျှင် ဤဥပဒေအရ ပြစ်မှုမမြောက်" ဟု ပြင်ဆင်ရန်လည်း ပါဝင်သည်။
ယင်းဥပဒေသည် ၁၉၂၃ ခုနှစ် နယ်ချဲ့ အင်္ဂလိပ်တို့မှ ပြဌာန်းခဲ့မှုကြောင့် ဖိနှိပ်ထားသောအချက်များပါ၀င်နေသ ည့် အပြင် လက်ရှိအချိန်တွင် ပြဌာန်းထာသော ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် သတင်းမီဒီယာ ဥပဒေတို့နှင့် ယှဉ်လျှင် သတင်းရယူခွင့်နှင့် အစိုးရဌာနများသို့ ဝင်ထွက်သွားလာခွင့်ကို ဝိရောဓိဖြစ်နေသည်ဟု ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဥပဒေ၏ ပြဌာန်းချက်အရ နိုင်ငံတော်လျို့ဝှက်ချက်၊ လုံခြံုရေးကို ဖောက်ဖျက်ကျူးလွန်ကြောင်း စွပ်စွဲသူက သက်သေမပြနိုင်ပါက ပြစ်မှုမမြောက်သည့်အပြင် ရည်ရွယ်ချက်ရှိသော ရန်သူအနေဖြင့် အခွင့်အရေးရ သွားနိုင်သဖြင့် ပြင်ဆင်ရန်မသင့်ဟု မှတ်ချက်ပြုသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းဥပဒေအား ပိုမိုတိကျစေရန် အမိန့်ကြေညာစာ ထုတ်ဖို့လိုရင် ထုတ်ရန်နှင့် အင်္ဂလိပ်လိုရေးသားထားချက်များကို မြန်မာဘာသာပြန်ပြီး အများနားလည်အောင် လုပ်ရန် ပညာရှင်များ၊ တရားရေးမှ ပညာရှင်များနှင့်တိုင်ပင်ကာ နားလည်ရန်ခက်ခဲသည်များကို ပြင်ဆင်ရန်လို၊ မလိုဆောင်ရွက်မည်ဟု ဆိုသည်။