သူရဦးရွှေမန်း သမ္မတဖြစ်ရေး NLD ထောက်ခံမည်မှာ မဟုတ်ဟု တုံ့ပြန်

သူရဦးရွှေမန်း သမ္မတဖြစ်ရေး NLD ထောက်ခံမည်မှာ မဟုတ်ဟု တုံ့ပြန်
by -
မဇ္စျိမ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း သမ္မတဖြစ်ရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံကြောင်း ဖော်ပြမှု မှားယွင်းနေသည်ဟု ရိုက်တာသတင်းဌာနသို့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဟံသာမြင့် လက်မှတ်ရေးထိုးကာ စက်တင်ဘာ ၂၄ ရက်စွဲဖြင့် စာပို့လိုက်သည်။

အခြားသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်ကလည်း "ကျွန်မ အခုဖုန်းဆက်ပြီး နှစ်ယောက်လုံးကို မေးလိုက်ပါပြီ။ သူတို့နှစ်ဦးလုံးက အဲဒီလိုမျိုး လုံးဝမပြောခဲ့ဘူး လို့ပြောပါတယ်။ ဒါက လုံးဝမဖြစ်နိုင်တဲ့ အရာပါ။ ပါတီက ၂၀၁၅ သမ္မတနေရာကို ဥက္ကဋ္ဌကိုပဲ ရည်မှန်းထားပါတယ်" ဟု ပြောသည်။

Thura-Shwe-Mann-Daw-Su

ယင်းသို့ အရေးကိစ္စမျိုးကို အနီးစပ်ဆုံးပြုလုပ်သည့် စက်တင်ဘာ ၂၁ ရက် ဗဟိုအလုပ်အမှုဆောင်အစည်း အဝေး၌လည်း ဆွေးနွေးခဲ့ခြင်းမရှိဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။ ယင်းသတင်းပါ သမ္မတ အရည်အချင်း သတ်မှတ်မှုဆိုင်ရာ ပုဒ်မ ၅၉ (စ)နှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် နားလည်မှုလွဲခြင်းသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရိုက်တာသတင်းတွင် အန်အယ်လ်ဒီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီး သမ္မတရာထူး ဝင်ပြိုင်မည် မဟုတ်ဘဲ သူရဦးရွှေမန်းကို ထောက်ခံဖွယ်ရှိသည်ဟု ပါတီခေါင်းဆောင်ပိုင်းတစ်ဦးက ပြောသည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။ ရိုက်တာသတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr.Paul Mooney က သတင်းနှင့် ပြန်ကြားရေးဌာနသို့ မေးမြန်းပါဟု မဇ္စျိမကို ပြောသည်။