ဂျပန်တပ်မတော်သည် ပြည်သူလူထုနှင့် တစ်ပေါင်းတည်းကျသည့် စစ်မဟာဗျူဟာကို အသုံးပြုသည့် တပ်မတော်တစ်ရပ်ဖြစ်သည့်အတွက် မြန်မာ့တပ်မတော်က ယင်းဆောင်ရွက်မှုများကို ဖလှယ်နိုင်သည်ဟု ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးက ပြောသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှင်ဂဲရုအီဝါဆာကီ၏ ဖိတ်ကြားမှုကြောင့် စက်တင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ရှင်ဂဲရုအီဝါဆာကီသည် ယခုနှစ် မေလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို ဆွေးနွေးခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံသို့ ခရီးသွားရောက်ခြင်းသည် နှစ်ဖက်တပ်ချုပ်များ အပြန်အလှန် ဖိတ်ကြားမှုကြောင့် သွားရောက်ခြင်းဖြစ်သည်ဟု ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။
“အခုအချိန်မှာ ပြည်သူတွေက တရုတ်နဲ့ ဂျပန်ဆိုရင် ဂျပန်နဲ့ပေါင်းတာကို ပိုကြိုက်မှာပေါ့” ဟု ၎င်းက သုံး သပ်သည်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်မတော်သည် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းတွင် ပြည်သူ့လူထု အကျိုးပြု လုပ်ငန်းများတွင်သာ ပါ၀င်ဆောင်ရွက်နိုင်ပြီး အခြားနိုင်ငံများနှင့် စစ်ရေးအရ ဆက်ဆံမှုပြုခြင်းများကို မဆောင်ရွက်နိုင်ပေ
ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးသောင်းအေး၊ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်တင်အောင်စန်း၊ စစ်ဦးစီး အရာရှိချုပ်(လေ) ဗိုလ်ချုပ်လွင်ဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ စစ်ဦး စီး တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်သူနှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြသည်။
တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ စီးပွားရေး ဦးပိုင်လီမိတက်တို့သည် တရုတ်နိုင်ငံနှင့် အများဆုံး ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွင်လည်း တရုတ်နိုင်ငံက အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။