ဟူးကောင်းချိုင့်ဝှမ်းတွင် ယုဇနကုမ္ပဏီရှိရေး၊ မရှိရေး ဆန္ဒခံယူပွဲလုပ်

ဟူးကောင်းချိုင့်ဝှမ်းတွင် ယုဇနကုမ္ပဏီရှိရေး၊ မရှိရေး ဆန္ဒခံယူပွဲလုပ်
by -
မဇ္စျိမ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဟူးကောင်းချိုင့်ဝှမ်းအတွင်း ယုဇန ကုမ္ပဏီအား လိုလား၊ မလိုလား ဆန္ဒခံယူပွဲကို စက်တင်ဘာလ ၂၂ ရက်တွင် ဒေသခံများက ပြုလုပ်ခဲ့သည်ဟု ဆန္ဒခံယူပွဲကျင်းပရေး ပြောရေးဆိုခွင့်ရှိသူ ဆရာအောင်လတ်က မဇ္စျိမကို ပြောသည်။

ဆန္ဒခံယူပွဲ၌ ဒေသခံတောင်သူ ရ၅၅ ဦးက ဆန္ဒခံယူခဲ့ရာ ယုဇန ကုမ္ပဏီကို မလိုလားကြောင်း ထောက်ခံမဲ ရ၂၆ ဦး၊ ကန့်ကွက်မဲ ၁၉ ဦးနှင့် ပယ်မဲ ၁၀ မဲတို့ လက်ခံရရှိခဲ့သည်ဟု သူက ပြောသည်။

“ယုဇန ကုမ္ပဏီ စဝင်လာတာ ဒီနေ့ထိ ကျွန်တော်တို့ ရွာသားတွေအတွက် ဘာကောင်းကျိုးမှ မခံစားရဘူး။ သူတို့ဝင်လာလို့ ဒီနေ့ထိ ကျွန်တော်တို့ အခက်အခဲ အမျိုးမျိုးကြံုတွေ့နေရတယ်။ ရွာသားတွေ ယုဇနကုမ္ပဏီကို ကြိုက်လား၊ မကြိုက်လား မေးကြည့်ဖို့ ပြုလုပ်တာဖြစ်တယ်”ဟု ဆရာအောင်လတ်က ပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ဝါရာဇွပ်ကျေးရွာအုပ်စုမှ ဘန်ကောက်၊ စံပြနှင့် အောင်ရာစတင်ကျေးရွာ လေးရွာမှ ဒေသခံ တောင်သူများက ဆန္ဒခံယူပွဲကို ဝါရာဇွတ်ကျေးရွာရှိ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆန္ဒခံယူပွဲမှ ရရှိသော ရလဒ်များကို ကချင်ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းထံသို့ ဆက်လက် တင်ပြသွားမည် ဖြစ်ပြီး ယုဇန ကုမ္ပဏီသည် ဒေသခံများအတွက် အကျိုးမရှိသဖြင့် ကချင်ပြည်နယ်မှ ထွက်သွားရေးအတွက် လူထုဆန္ဒအတိုင်း ဆက်လက် ကြိုးပမ်းသွားမည်ဟု ဆရာအောင်လတ်က ပြောသည်။

ယုဇနကုမ္ပဏီ စတင်ဝင်ရောက်လာပြီးနောက် ပြည်သူလူထုအတွက် မည်သည့်အကျိုးမှ မခံစားရဘဲ ကျိုးဆိုးများသာ ကြံုတွေ့နေရသဖြင့် ဒေသခံ တောင်သူများ ခံစားချက်များကို ဖော်ထုတ်ရန်အတွက် ဒေသခံ တောင်သူ ၁၅ ဦးပါဝင်သော ကွင်းမှူး (Pa Ningbaw) ကော်မတီကို စက်တင်ဘာ ၁၄ ရက်က စတင်ဖွဲ့စည်းခဲ့သည်။

၂၀၀၆ ခုနှစ် အောက်တိုဘာလမှစတင်၍ ယုဇနကုမ္ပဏီက တောင်သူများ၏ လယ်ယာမြေများ သိမ်းယူခြင်း၊ လယ်ယာမြေများ ဖျက်ဆီးခံရခြင်း၊ ကွဲျ၊ နွားစားကျက်များ သိမ်းဆည်းခံရမှု စသည့် အခက်အခဲများနှင့် ကြံုတွေ့နေရသည်ဟု ဆရာအောင်လတ်က ပြောသည်။

“ကျွန်တော်တို့ သစ်တောတွေ ပြုန်းကုန်ပြီ။ မြစ်၊ချောင်းတွေ ပျက်ဆီးတယ်။ လယ်၊ ယာတွေ သိမ်းပြီး ဖျက်ဆီးလိုက်တယ်။ စားကျက်တွေ သိမ်းယူလိုက်လို့ စားကျက်တွေ မရှိတော့ဘူး။ စားကျက်တွေ မရှိတော့ ကွဲျ၊ နွားတွေမရှိတော့ဘူး။ အရင်က ကျွန်တော်တို့ရွာမှာ ကျွဲ၊ နွား ၁၁၀၀ ကျော်ရှိတာ။ ခုက ၂၀၀ လောက်ပဲ ရှိတော့တယ်။ ကျွဲ၊ နွား မရှိတော့ဘူး ဆိုရင် လယ်လုပ်တဲ့ လူတွေလည်း မရှိတော့ဘူး”ဟု သူက ဆက်ပြောသည်။

ယင်းအပြင် ယုဇနကုမ္ပဏီ၏ စက်ရုံများက စွန့်ပစ်ရည်များ နမ်ဆန်ချောင်းအတွင်း စီးဝင်သဖြင့် ငါးများ သေဆုံးမှုများ ဖြစ်ပွားမှု နှစ်ကြိမ်ရှိခဲ့သလို၊ ထိုစွန့်ပစ်ရည် စီးဝင်သော ချောင်းရေကို ဒေသခံ တောင်သူများ သောက်သုံးသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယုဇန ကုမ္ပဏီသည် စက်ရုံများ တည်ဆောက်ထားကာ သိမ်းယူထားသော မြေယာများတွင် ပိလောပင်နံပင်များ စိုက်ပျိုးထားသည်။

တောင်သူ လယ်သမားများနှင့် ယုဇန ကုမ္ပဏီတို့အကြား လယ်ယာမြေ ပြဿနာများ စစ်ဆေးရန်အတွက် ကချင်ပြည်နယ်လွှတ်တော်တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းရန် ဖားကန့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအင်ဖရောင်းဂမ် တင်ပြခဲ့သော အဆိုကို ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က အတည်ပြုခဲ့သည်။

ယုဇန ကုမ္ပဏီက ၂၀၀၇ ခုနှစ်မှစတင်၍ တောင်သူများ၏ လယ်ယာမြေ နှစ်သိန်းခန့်ကို ပီလောပီနံနှင့် ကြံ စိုက်ပျိုးရန်အတွက် သိမ်းယူခဲ့သဖြင့် တောင်သူများက ဧက ၁၀၀၀ ကျော်အတွက် ယုဇန ကုမ္ပဏီကို စတင် တရားစွဲဆိုခဲ့ရာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်းက တောင်သူ ၆၀ ကျော်၏ လယ်ယာမြေများအတွက် လယ်တစ်ဧက ၈သောင်း၊ ယာမြေ တစ်ဧက ၆ သောင်း၊ ဥယာဉ်ခြံမြေ တစ်ဧက ၃ သောင်းနှင့် အိမ်တစ်အိမ်လျှင် ၁ သိန်းကျပ် နှုန်းဖြင့် ကချင်ပြည်နယ် တရားရုံးက လျှော်ကြေးပေးရန် အမိန့်ချခဲ့သည်။

ယင်း လျော်ကြေးနှင့် နစ်နာကြေးများအတွက် မကျေနပ်သဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် တောင်သူများက ရန်ကုန်မြို့ ယုဇန ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ရာ ယုဇန ကုမ္ပဏီ ပိုင်းရှင် ဦးဌေးမြင့်က သိမ်းယူထားသော မြေဧက ၂ သိန်းကျော်မှ ဧက ၅၀၀၀ ကို ပြန်ပေးမည်ဟု ပြောဆိုခဲ့သည်။

Most read this week