ဌာနဆိုင်ရာများကို မီဒီယာများနှင့် ပတ်သက်၍ အကြိမ်ကြိမ်သင်တန်းပေးသော်လည်း မထူးခြားဟုဆို

ဌာနဆိုင်ရာများကို မီဒီယာများနှင့် ပတ်သက်၍ အကြိမ်ကြိမ်သင်တန်းပေးသော်လည်း မထူးခြားဟုဆို
by -
မဇ္စျိမ

အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများကို သတင်းမီဒီယာများကို ပြန်လည်ဖြေကြား ပေးရန်နှင့် မီဒီယာများနှင့် ပတ်သက်ပြီး အကြိမ်ကြိမ်သင်တန်း ပေးထားသော်လည်း ထူးခြားမှုမရှိသေးဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် သတင်းမီဒီယာများသီးသန့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

၂၀၁၃ ခုနှစ်၊ ဧပြီလမှ စတင်၍ အစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ကြီးများနှင့် ဖိတ်ခေါ်ဆွေးနွေးခြင်းအပြင် ဌာနဆိုင်ရာမှ ဌာနမှူးများကိုလည်း သတင်းမီဒီယာနှင့် သက်ဆိုင်သည့် သင်တန်းများပေးခဲ့သည်မှာ ၁၄ ကြိမ်မြောက်ရှိပြီး ဖြစ်သော်လည်း ဘာမှမထူးခြားသေးဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

3rd-Media-Conference-10

ပြည်နယ်နှင့် တိုင်းအသီးသီးမှ သတင်းထောက်များ၏ သတင်းရယူရာတွင်ကြံုတွေ့ရသည့် အခက်အခဲများ ကို ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပွင့်လင်းစွာပြောပြကြရန် ဆွေးနွေးမှုအပေါ် သတင်းသမားများက ၀န်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်း အစိုးရ အဖွဲ့များထံမှ သတင်းရယူရာတွင် ပြန်လည် ဖြေကြားခြင်းမရှိ ဘဲ အာဏာပိုင်များဘက်မှ စစ်ဆေးမေးမြန်းမှုများရှိနေသည်ဟု ပြန်လည်တင်ပြခြင်းအပေါ် ပြည်ထောင်စု ၀န်ကြီးက ပြောကြားလိုက်ခြင်းဖြစ်သည်။

ဦးရဲထွဋ်က “ကျွန်တော်တို့ စာတွေပို့နေတာလည်း အတော်များနေပြီ၊ သမ္မတကြီး ကိုယ်တိုင်လည်းသတင်း မီဒီယာနဲ့ အစိုးရဌာနဆိုင်ရာတွေအကြား ဆက်ဆံရေးကောင်းမွန်စွာ ဖြေကြားပေးဖို့ပြောထားတာလဲဘာမှ မထူးခြားသေးဘူး။ အစိုးရဌာန ဆိုင်ရာတွေဘက်က ယုံကြည်မှုမရှိသေးဘူး” ဟု ပြောသည်။

ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း အပါအဝင် ပြည်နယ်နှင့် တိုင်းအသီးသီးမှ သတင်း ထောက်များက ရဲသတင်းပေးများ၏ ခြိမ်းခြောက်မှုများ၊ အစိုးရဌာနဆိုင်ရာများတွင် သတင်းရယူရသည့် အခက်အခဲများ၊ အထူးသဖြင့် အိုးအိမ်ဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတွင် သတင်းရယူခွင့် ခက်ခဲမှုများ ကို သတင်းသမားများက တင်ပြကြပြီး ပြည်နယ်အစိုးရ လွှတ်တော်များတွင် သတင်း ရယူခွင့်မရသည်များ ကို တင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြည်တွင်းသတင်းထောက်များ လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် အိုး အိမ်ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စည်ပင်ဌာနများအပြင် ဌာနဆိုင်ရာဝန်ကြီးများ ထံတင်ပြဆွေးနွေး ပေး သွားမည်ဟု ပြန်လည်ပြောကြားခဲ့သည်။

မီဒီယာဖွံ့ဖြိုးတိုးတက်မှု ဆွေးနွေးပွဲတွင် အဓိက ဆွေးနွေးခဲ့ကြသည်မှာ လက်ရှိ သတင်းလောက အတွင်း မှာ သတင်းသမားများမှာ စာနယ်ဇင်းကျင့်ဝတ်များကို ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ ကျင့်ဝတ်စောင့်ထိန်းသည့် သတင်းစာပညာများ ရရှိမှုမှာလည်း အားနည်းလျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် ရေဒီယို၊ တယ််လီဗေးရှင်းကဲ့သို့ ရုပ်သံမီဒီယာများကို ပုဂ္ဂလိကသို့ ချထားပေးရေးများနှင့် ပတ်သက်၍ ဥပဒေများတွင် အကန့်အသတ်ဖြစ်နေပြီး အခြေခံအဆောက်အအုံများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ ကြသည်။

လက်ရှိအချိန်တွင် ပုဂ္ဂလိကမီဒီယာများက ကြော်ငြာမရရှိမှု၊ အခြေခံ အဆောက်အအုံများ မဝယ်ယူနိုင်မှု တို့ဖြင့် ရင်ဆိုင်နေရကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။