ကျန်းမာရေးချေးငွေ ကန်ဒေါ်လာ သန်း ၁၀၀ လွှတ်တော်အတည်ပြု

ကျန်းမာရေးချေးငွေ ကန်ဒေါ်လာ သန်း ၁၀၀ လွှတ်တော်အတည်ပြု
by -
မဇ္စျိမ

ကမ္ဘာ့ဘဏ်က မြန်မာ့ကျန်းမာရေးကဏ္ဍအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ချေးယူသုံးစွဲရာတွင်သက်ဆိုင်ရာ ဝန်ကြီး ဌာနက အလေးအနက်ထား စိစစ်ခံနိုင်ရေး အသင့်ပြင်ထားရန် ကိုယ်စားလှယ်အချို့က သတိပေး လိုက်ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယမြောက်နေ့ အစီ အစဉ်တွင် နိုင်ငံတော်သမ္မတကပေးပို့သော ကျန်းမာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရန်ကိစ္စ ဆွေးနွေးရာတွင် ကိုယ်စားလှယ်ခြောက်ဦး ဆွေးနွေးခဲ့ပြီး ချေးငွေများကို ထိထိရောက်ရောက် သုံးစွဲရန်လည်း သတိပေးခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “နိုင်ငံခြား ချေးငွေ များအသုံးပြုရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများအနေနဲ့ အလေးအနက်ထား စိစစ်ခံနိုင်ရန် အသင့်ပြင်ထားစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

၎င်းက ယခုအစိုးရလက်ထက်တွင် ပြည်ပ ထောက်ပံ့မှုများမှလည်းကောင်း၊ ချေးငွေပေးသောသူများမှလည်း ကောင်း ချေးယူနေပြီး နောင် ၃၈ နှစ်အတွင်း တက်လာမည့်အစိုးရ၏ တာဝန်သာဖြစ်သည်ဟူ၍ ခုံးပေါ်တင် လိုက်ခြင်းမဖြစ်သင့်ဟုလည်း သတိပေးပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြင်ပကြွေးမြီ စုစုပေါင်းမှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် စာရင်းအရ ကန်ဒေါ်လာ ၅ ဒသမ ၃၇၉ ဘီလီယံရရှိနေပြီး ကြွေးမြီနှိုင်းယှဉ်မှုစာရင်းတွင် ၁၁၆ နိုင်ငံမြောက်ဖြစ်နေသည်ကိုလည်း ၎င်းကပြောကြားသည်။

ဗဟန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်ဝင့်ကလည်း ချေးငွေများကို ပွင်းလင်းမြင်သာသည့် နည်းလမ်းဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။

၎င်းက “ချေးငွေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးရတဲ့အတွက် လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း လွှတ်တော်ကိုအသိပေးရပါမယ်” ဟု ဆိုသည်။

ချေးငွေအတွက်ဝန်ဆောင်ခမှာ တစ်နှစ်လျှင် ၀ ဒသမ ရ၅ ရာခိုင်နှုန်းဖြစ်ပြီး ကတိခံကြေးမှာ လက်ရှိကာလတွင် ၀ ရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း ကမ္ဘာ့ဘဏ်မှ IDA ဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်အရ ပေးရန်ရှိလာပါက ၀ ဒသမ ၅ ရာခိုင်နှုန်းထက်မပိုသောနှုန်းကို သတ်မှတ်လာနိုင်ပါသည်ဟု ဆိုသည်။

ဝန်ဆောင်ခကို ချေးငွေထုတ်ယူသည့် အချိန်မှစ၍လည်းကောင်း၊ အရင်းငွေကို ဆိုင်းငံ့ကာလ ကုန်ဆုံးချိန်မှစ၍ လည်းကောင်း တစ်နှစ်လျှင် နှစ်ကြိမ်ဆပ်ရမည်ဖြစ်ကြောင်း ဆိုသည်။