စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် ခန္တီနှင့် တိုက်တီးပြေးဆွဲလျက်ရှိသော စက်လှေများကို နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီအဖွဲ့ (NSCK) က ဆက်ကြေးများ ကောက်ခံနေသည်ဟု ဒေသခံ စက်လှေပိုင်ရှင်များက စက်တင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။
အဆိုပါစက်လှေများကို စက်တင်ဘာ ၁၄ ရက်မှစတင်၍ ဆက်ကြေးများ ကောက်ခံနေပြီး မပေးနိုင်သော ရေယာဉ်ပိုင်ရှင်များကို ဖမ်းဆီးနေဟုလည်း ဒေသခံများက ဆိုသည်။
“စက်လှေတစ်စင်းကို သုံးသိန်းနှုန်းတောင်းတယ်။ အကုန်ပေးရတယ်။ မပေးလို့လည်းမရဘူး။ မပေးတဲ့သူ ကို ဖမ်းတယ်။ ဒီလိုတွေလုပ်နေတာ သိသိကြီးနဲ့သက်ဆိုင်ရာက ဘာမှဆောင်ရွက်မပေးဘူး” ဟု စက်လှေ ပိုင်ရှင်တစ်ဦးက ပြောသည်။
ဆက်ကြေးငွေ မပေးသွင်းနိုင်သော စက်လှေပိုင်ရှင်များကို အဆိုပါ ၁၄ ရက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး လုပ်ငန်းတူ စက်လှေပိုင်ရှင်များက အာမခံဖြင့် ပြန်လည်ခေါ်ယူခဲ့ရသည်ဟုလည်း ဒေသခံများက ဆိုသည်။
“မပေးနိုင်သေးတဲ့ အောင်ပြည့်ကျော် စက်လှေပိုင်ရှင်ကို ဖမ်းဆီးသွားတယ်။ ဒါနဲ့ ကျွန်တော်တို့ အားလုံးစုပြီး အာမခံနဲ့ ပြန်ခေါ်ခဲ့တယ်။ ဆက်ကြေးတောင်းရုံတင် မဟုတ်ဘူး။ လူဖမ်းတဲ့အဆင့်ထိ ရောက်နေပြီ။ နောက်ဆိုကျွန်တော်တို့ အသက်အန္တရာယ်လည်း စိုးရိမ်နေရပြီ။ လောလောဆယ် ကာကွယ်ပေးမယ့် သူမ ရှိဘူး” ဟု စက်လှေပိုင်ရှင်တစ်ဦးက ပြောသည်။
အဆိုပါ ခန္တီးမြို့နယ်တွင် ခန္တီနှင့် တိုက်တီးပြေးဆွဲနေသော ရေယာဉ် အသင်းပေါင်း ၁၄ သင်းရှိပြီး စက်လှေ ပေါင်း ၅၀ ကျော်ရှိသည်။ ထိုအသင်းအားလုံးမှ စက်လှေများကို တစ်စင်းသုံးသိန်း ဆက်ကြေးကောက်ခံ ခြင်းဖြစ်သည်။
ဆက်ကြေးကောက်ခံမှုကို အချို့စက် လှေပိုင်ရှင်များက ပေးဆောင်နိုင်သော်လည်း အချို့မှာ ပေးဆောင်ရန် ခက်ခဲနေ၍ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်ဟု စက်လှေပိုင်ရှင်များက ဆိုသည်။
အဆိုပါ ဆက်ကြေးကောက်ခံနေသော အဖွဲ့သည် ၂၀၁၂ ခုနှစ် ဧပြီလတွင် ငြိမ်းချမ်းရေးရယူထားသော အဖွဲ့ဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။
၎င်းအဖွဲ့သည် ရွှေလုပ်ကွက်များထံမှ လည်းကျပ် ၁၀ သိန်းမှ ကျပ် ၁၅ သိန်းအထိ ဆက်ကြေးကောက်ခံမှု များ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
“ကျွန်တော်တို့ဘက်မှာက လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ ဒီစက်လှေတွေကိုပဲ အားကိုးပြီး သွားလာလုပ်ကိုင်စားသောက်နေရတယ်။ စက်လှေတွေ နားမယ်ဆို ကျွန်တော်တို့ဒေသခံတွေ စားဝတ်နေရေး ခက်ခဲမယ်။ ပြီးတော့ အစီးရေနည်းသွားတော့ စက်လှေခတွေလည်း တက်သွားနိုင်တယ်။ ဒါတွေကို တိုင်း အစိုးရအဖွဲ့က လျစ်လျူရှုထားတာကတော့ မကောင်းဘူး” ဟု ဒေသခံ ကိုအောင်ဆန်းမြင့်က ပြောကြားခဲ့ သည်။
ရေယာဉ်အသင်း ၁၄ သင်းမှ စက်လှေ ပိုင်ရှင်များသည် ဆက်လက်ပြေးဆွဲရန် စိုးရိမ်နေပြီး လုပ်ငန်းရပ် ဆိုင်းရန်အချို့က ပြင်ဆင်နေကြသည်ဟု စက်လှေပိုင်ရှင်များက ဆိုသည်။
အဆိုပါ ဆက်ကြေးတောင်းနေမှုနှင့် ပတ်သက်၍ နာဂ အမျိုးသားဆိုရှယ်ကောင် စီအဖွဲ့ (NSCK) ဆက်ဆံရေးရုံးတာဝန်ခံ ဦးကျော်ဝင်းဆွေကို မဇ္ဈိမက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင်ပြီး ပြန်လည်ဖြေ ကြားခြင်းမပြုခဲ့ပေ။