ကရင်ပြည်နယ်အတွင်း တပ်မတော်သားများ လက်နက်ဖြင့် သွားလာပါက ကရင်ငြိမ်းချမ်းရေးကောင်စီထံ အကြောင်းကြားရန် ကြေညာချက်ထုတ်

ကရင်ပြည်နယ်အတွင်း တပ်မတော်သားများ လက်နက်ဖြင့် သွားလာပါက ကရင်ငြိမ်းချမ်းရေးကောင်စီထံ အကြောင်းကြားရန် ကြေညာချက်ထုတ်
by -
မဇ္စျိမ

ကေအင်န်ယူ/ကေအင်န် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA Peace Council) က တပ်မ တော်သားများကို ကရင်ပြည်နယ်အတွင်းမြို့တွင်း မြို့ပြင်သွားလာမှုမပြုရန် စက်တင်ဘာ ၁၇ ရက်က အပြင်းအထန် တားမြစ်လိုက်သည်။

တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့ကို လက်နက်ကိုင်ဆောင် သွားလာခြင်းမပြုရန် စက်တင်ဘာ ၁၄ ရက်က အကြောင်းကြားမှုကို ပြန်လည် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

DKBA-Major-Tiger

မြဝတီမြို့အတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်များကို ယူနီဖောင်းနှင့် လက်နက်များကိုင် ဆောင်ခြင်းမပြုရန် တပ်မတော်၏ တားမြစ်ခြင်းသည် တစ်ဖက်သတ်လုပ်ရပ်သာဟု တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့က သုံးသပ်သည်။

“ငြိမ်းချမ်းရေးမူဝါဒအရ အစိုးရနဲ့ ကျွန်တော်တို့ လက်နက်ကိုင်တွေ အချင်းချင်းတိုင်ပင်ပြီးမှ လုပ်ရမှာပါ။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု ရှိရမှာကို သူတို့ဘက်ကပဲ တစ်ဖက်သတ် လုပ်ခဲ့တယ်။ ခုချိန်ထိ ကျွန်တော်တို့ဘက်က အမှားလုပ်ခဲ့တာ ချိုးဖောက်ခဲ့တာ ဘာမှမရှိခဲ့သေးပါဘူး” ဟု ကေအင်န်ယူ/ကေအင်န် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA Peace Council) နယ်စပ်လုံခြုံ ရေးနှင့် ဖွံ့ဖြိုးရေး(အထူး)ဗျူဟာ၊ ပြောရေးဆိုခွင့် ရှိသူ ဒု-ဗိုလ်စောဆေးဝါးက ပြောသည်။

အကြောင်းကြားစာကို တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅ က ထုတ်ဝေခြင်းဖြစ်ပြီး မြို့အဝင်အထွက် ပြုလုပ်ရာ၌ စစ်ဆေးမှုခံယူရန်လည်း ပါဝင်သည်။ ယင်းကို KNU/ KNLA Peace Council ကလည်း စက်တင် ဘာ ၁၇ ရက်တွင် ပြန်လည်တုံ့ပြန်ခဲ့ပြီး ထုတ်ပြန်သည့်စာ၌ တပ်မတော်သားတို့သည်လည်း တိုင်းရင်းသား လက်နက်ကိုင်တို့၏ လုံခြံုရေးစစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံရန်ဟု ပါ၀င်သည်။

တပ်မတော်ဘက်မှ ဒေသခံလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းခြင်းမပြုဘဲ တစ်ဖက်သတ်ဆန်စွာ အမိန့်စာ ပို့သည့်အတွက် KNU/KNLA Peace Council နယ်စပ်လုံခြံုရေးနှင့် ဖွံ့ဖြိုးရေး အထူးဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးက ယင်းသို့ ပြန်လည် အကြောင်းကြားခြင်းဖြစ်သည်ဟု ဒု-ဗိုလ်စောဆေးဝါးက ပြောသည်။

ဗိုလ်မှူးကြီးတိုက်ဂါးသည် တပ်မတော်က စာထုတ်သည့်နေ့ စက်တင်ဘာ ၁၄ ရက်က ထိုင်းရဲတို့ မြန်မာ နိုင်ငံသားများကို မတရားသဖြင့်ပြုမူနေသည်များ ရပ်တန့်ရေး မြဝတီမြို့အတွင်းရောက်ရှိနေသည့် ထိုင်း ကုန်ကားများကို တားမြစ်ခဲ့သူဖြစ်သည်။

တပ်ဖွဲ့ဝင်များ မြို့တွင်း၊ မြို့ပြင်သွားလာ ခြင်းမပြုရန်နှင့် သွားလာလိုပါက ကြိုတင်အကြောင်းကြားရန် တပ်မတော်နှင့်  KNU/KNLA Peace Council  နှစ်ဖက်စလုံးက အပြန်အလှန် အကြောင်းကြားထား ကြ သည်။

တပ်မတော်က ကရင်အမျိုးသားအစည်းအရုံး  KNU/KNLA Peace Council တို့ကို အကြောင်းကြားခြင်း ဖြစ်သည်။ KNU/KNLA Peace Council KNU အပါအဝင်၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် နိုင်ငံတော်သမ္မတတို့ထံ ပေးပို့ထားသည်။

DKBA ကလည်း တပ်မတော်၏ အကြောင်းကြားမှုကို တစ်ဖက်သတ်လုပ်ရပ် အဖြစ်ရှုမြင်သည်ဟု မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးစောမိုးမြင့်က ဆိုသည်။ ထို့ပြင် ယခုကဲ့သို့ နှစ်ဖက် အပြန်အလှန် သတိပေးချက်များ ထုတ်ပြန်နေခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်များကို အဟန့်အတားဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

ဗိုလ်ကြီးစောမိုးမြင့်က “မြဝတီမှာ တစ်ခုခုဖြစ်တိုင်း PC (ကရင်ငြိမ်းချမ်းရေးကောင်စီ)နဲ့ DKBA ပဲ အပြစ် ပြောခံရတယ်။ မိခင် KNU ကတော့ အပြောလွတ်တာပေါ့ဗျာ။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုရှိမှ အတူလက်တွဲပြီး လုပ်နိုင်မှာပါ။ ကျွန်တော်တို့ ဘက်ကတော့ ပြန်လည်ညှိနှိုင်းချင်ပါတယ်” ဟု ပြောသည်။

ထိုသို့ အငြင်းပွားနေမှုကို စက်တင်ဘာ လ ၂၂ ရက် ရန်ကုန်မြို့တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ အစည်းအဝေးတွင် ကလို့ထူးဘော ကရင်အစည်းအရုံး(KKO) အတွင်းရေးမှူး ဗိုလ်မှူးစောလုံ့လုံ့ က တာဝန်ဆွေးနွေးသွားမည်ဟု DKBA ဗိုလ်ကြီးစောမိုးမြင့်က ဆိုသည်။

မြန်မာ့နိုင်ငံရေးနှင့် စစ်ရေးဝေဖန် သုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ ယခုဖြစ်ပေါ်နေသော ဖြစ်စဉ်သည် အကျိုး စီးပွားနှင့် ဆက်နွှယ်သောကိစ္စများလည်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။ ယခုဖြစ်ရပ်သည် လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ ဒေသတွင်း ပြဿနာ တစ်ခုအဖြစ်သာ ဖြစ်နိုင်သည်ဟု ၎င်းကဆိုခြင်းဖြစ်သည်။

အစိုးရက KNU ကိုသာ အဓိက ဦးစားပေးသကဲ့သို့ ဖြစ်နေ၍ KNU နှင့် ၎င်း၏ ခွဲထွက်လက်နက်ကိုင်အဖွဲ့ မကြေလည်မှုများ ပိုလာနိုင်သည်ဟု ဦးသန်းစိုးနိုင်က ပြောသည်။

အဆိုကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တပ်ရင်း ၂၇၅ တပ်ရင်း မှူးတို့ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

နှစ်ဖက် အပြန်အလှန်အကြောင်းကြားမှုများ မတိုင်မီ ဘားအံမြို့ရဲစခန်းသို့ ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် လာရောက်ခဲ့မှုဖြစ်ပွားခဲ့သေးသည်။

တပ်မတော်က အကြောင်းကြားစာပို့ပြီး နောက်ပိုင်း စက်တင်ဘာ ၁၅၊ ၁၆ ရက်တို့ တွင်လည်း မြဝတီမြို့ အတွင်း လက်လုပ်ဗုံးများ ရှာဖွေတွေ့ရှိနေသည်ဟု ဒေသအုပ်ချုပ်ရေးအဖွဲ့တို့က သတိပေးချက်ထုတ်ပြန် ထားပြီး တိုင်းရင်းသားလက်နက်ကိုင်တို့နှင့် ပူးပေါင်းရှာဖွေနေသည်ဟု မြို့နယ်အုပ် ချုပ်ရေးမှူး ဦးလွင်ကိုဦး က ဆိုသည်။