KNU ဗဟိုအလုပ်မှုဆောင် အစည်းအဝေးတွင် UNFC မှ နုတ်ထွက်ရေး၊ မထွက်ရေး ဆုံးဖြတ်မည့်နေ့ ရွေးမည်

KNU ဗဟိုအလုပ်မှုဆောင် အစည်းအဝေးတွင် UNFC မှ နုတ်ထွက်ရေး၊ မထွက်ရေး ဆုံးဖြတ်မည့်နေ့ ရွေးမည်
by -
မဇ္စျိမ

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို စက်တင်ဘာလ ၁၅ ရက်မှ စတင်ကာ လောခီးလာတွင် စတင်ကျင်းပနေပြီး ထိုအစည်းအဝေးမှ တစ်ဆင့် KNU အနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရေး၊ မထွက်ရေးကို ဆုံးဖြတ်ချက်ချမည့် ဗဟိုအမြဲတမ်း ကော်မတီအစည်းအဝေး ကျင်းပမည့်နေ့ကို ဆုံးဖြတ်မည်ဟု KNU ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ပဒိုစောတာဒိုမူးက ပြောသည်။

ယင်းဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးကို အောက်တိုဘာလအတွင်း ကျင်းပရန် ရည်ရွယ်ထားသည်။

ထို့ပြင် ယခုကျင်းပနေသည့်  KNU ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် လက်ရှိနိုင်ငံရေး အခြေအနေ အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်များကိုလည်း ဆွေးနွေးကြမည်ဟု ၎င်းက ဆိုသည်။

"ပုံမှန်ပေါ့ဗျာ။ လုပ်ရိုးလုပ်စဉ်တွေရှိတယ်။ နိုင်ငံရေးဖြစ်ပေါ်တဲ့ ဖြစ်စဉ်တွေ ရှိမယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေရှိမယ်။  ကျွန်တော်တို့ ဖြေရှင်းနိုင်သလောက် အကြွေးတင်နေတဲ့ဟာတွေ ပြန်ပြီး ဖြေရှင်းတဲ့သဘောပါပဲ။ UNFC ကနေ နုတ်ထွက်၊ မထွက် ကိစ္စတွေ အကုန်လုံးပါမှာပေါ့နော်" ဟု ပဒိုစောတာဒိုမူးက ပြောသည်။

ယင်းအစည်းအဝေးကို စက်တင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ KNU ဌာနချုပ်ရှိရာ လော်ခီးလာတွင် လေးရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး KNU ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၀ ဦး တက်ရောက် ဆွေးနွေးလျက်ရှိသည်။

အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ပုံမှန်အားဖြင့် တစ်လတစ်ကြိမ် ကျင်းပခဲ့သော်လည်း အစည်းအဝေး မကျင်းပနိုင်သည်မှာ သုံးလခန့်ရှိပြီဖြစ်သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ပူးပေါင်းမှုကို ယာယီဆိုင်းငံ့ပြီး UNFC အဖွဲ့ဝင်အဖြစ် KNUမှ ကိုယ်စားလှယ်ပေးပို့ခြင်းကိုလည်း ခေတ္တဆိုင်းငံ့ထားရန် တရားဝင် အကြောင်းကြာစာကို UNFC ၏ ညီလာခံကျင်းပနေသည့် ကာလအတွင်း စက်တင်ဘာ ၁ ရက်က ပေးပို့ခဲ့သည်။

UNFCကမူ KNU အနေဖြင့် အဖွဲ့ဝင်အဖြစ် ပြန်လာဝင်ရောက်ရန် လိုလားလျက်ရှိသည်ဟု UNFC ခေါင်းဆောင်များက ဆိုသည်။ ယင်းအပြင် UNFC ၏ ခေါင်းဆောင်များအား ပြန်လည်ရွေးချယ်ရာတွင် ဒု-ဥက္ကဋ္ဌ နေရာအတွက် KNU၏ ကိုယ်စားလှယ်တစ်ဦးအား လျာထား ထားသည်။

Most read this week