ပြည်နယ်အစိုးရ အဖွဲ့မှ ထိရောက်စွာ အရေးယူနိုင်မှုမရှိခြင်းကြောင့် ကယားပြည်နယ်အတွင်းရှိ လူငယ်များ အကြား ရာဘခေါ် စိတ်ကြွဆေးပြား သုံးစွဲမှုပိုမိုပြားလာကာ လွယ်လင့်တကူ ၀ယ်ယူနိုင်သည့် အခြေအနေဖြစ်နေ သည်ဟု ဒေသအခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီများက ဝေဖန်လိုက်သည်။
စိတ်ကြွဆေးပြား (ရာဘ) များကို ပြည်နယ်အတွင်းရှိ ခေါင်ရည်ဆိုင်များတွင်ပင် အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်ခြင်းကြောင့် ကျောင်းသား လူငယ်များပါ သုံးစွဲလာ သည်ကို မြင်တွေ့နေရသည်ဟု လွိုင်ကော်မြို့အခြေစိုက် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၏ ဗဟိုကော်မတီဝင် ဦးဟက်စတန် ကဆိုသည်။
“ဆေးပြား(ရာဘ)က ဒီမှာတော်တော်ပြန့်နေပြီ။ ဒါအခြေအနေ တော်တော်ဆိုးတယ်။ ကျွန်တော်တို့လည်း အစိုး ရနဲ့တွေ့တိုင်းပြောပါတယ်။ သူတို့လည်းလုပ်နေ ပါတယ်ပြောတယ်။ ဒါပေမယ့် ထိထိရောက်ရောက် မဖြစ်ဘူးဖြစ် နေတယ်”ဟု ၎င်းကပြောသည်။
ပြည်နယ်အစိုးရအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေခြင်းများကို ယခုလက်ရှိထက် ပိုမိုထိရောက်သည့် စီမံချက်များဖြင့် ဖမ်းဆီးအရေးယူ သင့်ကြောင်း၊ လက်နက် ကိုင် အဖွဲ့အစည်းများနှင့်အနေဖြင့် ဖမ်းဆီးအရေးယူ ၍မရသဖြင့် အသိပညာပေးရေး လုပ်ငန်းများကိုသာဆောင်ရွက်နိုင်ကြောင်း ဦးဟက်စတန် က ဆိုသည်။ “မူးယစ်အထူးအဖွဲ့ကနေ စစ်ပြီးဖမ်းတာတွေရှိတယ်။ ဒါပေမယ့် အသေးစားတွေပဲ အမိများပါတယ်။ ရောင်းသူ အကြီးကြီးတွေကို မဖမ်းနိုင်ဘူးဖြစ်နေတယ်။ ”ဟု ၎င်းကပြောသည်။
အဆိုပါ စိတ်ကြွဆေးပြား(ရာဘ) တစ်ပြားလျှင် ရန်ကုန်မြို့တွင် အနည်းဆုံးငွေကျပ် ငါးထောင်ခန့်(၅၀၀၀) ပေးဝယ်ရသော်လည်း ကယားပြည်နယ် တွင် ငွေကျပ်(၁၅၀၀) ဝန်းကျင်သာ ရှိကြောင်း၊ ဆေးပြားများကို အချို့သော ခေါင်ရည်ဆိုင်နှင့် ကွမ်းယာဆိုင်များတွင် အလွယ်တကူဝယ်ယူ ရရှိနိုင်သည် ဟု ဒေသခံ အရပ်ဖက် အဖွဲ့အစည်းများကဆိုသည်။
အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ်သည့် လမ်းကြောင်းများကို အစိုးရထံသို့ တင်ပြမှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရအနေဖြင့် လက်တွေ့ဆောင်ရွက်ရန် အကောင်အထည် ဖော်ရာတွင် ကြန့်ကြာ နေသည်ဟု အစိုးရနှင့် အပစ်ရပ်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)မှ ဆက်ဆံရေး တာဝန်ခံ ဦးဘလူးရယ် ကပြောသည်။ “အစိုးရက လက်တွေ့လုပ်ဖို့ ကြန့်ကြာနေတယ် ထိရောက်မှုရှိအောင် သိပ်မလုပ်နိုင်ဘူး”ဟု ၎င်းကဆိုသည်။
ကယန်းအမျိုးသားပါတီ အတွင်းရေးမှူး ဦးနန်းရီကလည်း “ဆေးပြားတွေကို ရပ်ကွက်ထဲတွေမှာ ပေါ်ပေါ်တင် တင်သုံးလာတာကို မြင်နေရတယ်။ ဆိုးတာက သုံးတာ လူငယ်တွေဖြစ်နေ တာပဲ။ ဒါကို အစိုးရက သေချာဖြေ ရှင်းပေးဖို့လိုနေပြီ” ဟု ဆိုသည်။ သို့သော် မူးယစ်ဆေးနှိမ်နင်းရေးကိစ္စများ ထိရောက်မှုရှိ ရန် ပြည်သူများ ပူးပေါင်း ပါဝင်ရန် အပ်သည်ဟု ကယားပြည်နယ် အစိုးရ၊ လူမှုရေးဝန်ကြီး ဦးကိုးရယ်က တုံ့ပြန်ပြောဆိုသည်။
ပြည်နယ်အတွင်း စိတ်ကြွဆေးပြားများ ဖမ်းဆီးရာတွင် (၂၀၁၂)ခုနှစ်တွင် စိတ်ကြွဆေးပြားပေါင်း ၂၇၀၀ ကျော်၊ (၂၀၁၃) ခုနှစ်တွင် ၁၅၀၀၀ကျော် ဖမ်းဆီး ရမိခဲ့သည်ဟု ကယားပြည်နယ် ရဲတပ်ဖွဲ့မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လတွင် ထုတ်ပြန်ထားသည်။