ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် သမ္မတရုံးမှ သီးသန့်ခွဲတမ်းကျပ်သန်း ၁,၀၀၀ ကျော်အသုံးပြုမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော် မင်းကစက်တင် ဘာ ၁၁ ရက်ကပြောသည်။
ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဦးဆောင်စီမံလျက်ရှိပြီး ရခိုင်ပြည်နယ်အစိုးရက အဆိုပါသန်း ၁,၀၀၀ ကျော်နှင့် ပတ်သက်ပြီးစီမံ ခန့်ခွဲပိုင်ခွင့် ရှိမည်မဟုတ်ပေ။
“ဒီဘတ်ဂျက်က နှစ်ဖက်အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးမှုကိုဦးတည်မှာပါ။ ရခိုင်အတွက် သီးသန့်မ ဟုတ်ပါဘူး” ဟု ဒေါက်တာအောင်ကျော်မင်းက ပြောသည်။
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ဆောင်ရေးအတွက် လုပ်ငန်းကော်မတီ ခြောက်ရပ်ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီတွင် ပြည်နယ် အစိုးရပါ၀င်ပြီး ဒု-သမ္မတ ဦးဆောင်သောအဖွဲ့က ညွှန်ကြားလာပါက ဆောင်ရွက်ရမည်ဖြစ်သည်ဟုဆို သည်။
ပြည်ထောင်စုသမ္မတရုံး ရန်ပုံငွေမှရရှိသော အဆိုပါငွေကြေးများကို ရခိုင်ပြည်နယ်ဒေသ တွင်းလိုအပ်ချက် များကိုသိမြင်ပြီး ဒေသခံများနှင့်နီးစပ်သည့် အဖွဲ့အစည်းများသာ ကွပ်ကဲဆောင်ရွက်သင့်သည်ဟု ပြည်နယ်အမတ်များက ဆိုသည်။
“ရခိုင်ပြည်နယ်မှာ တကယ်လိုအပ်တဲ့ နေရာတွေကိုသိတဲ့ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကို တိုင်ပင်ပြီးမှ အသုံးပြုသင့်တယ်။ ဒီလိုမဟုတ်ရင် တကယ်မလိုအပ်တဲ့နေရာမှာအ သုံးချမိတာ မျိုးဖြစ်သွားမယ်”ဟု မြေပုံမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း ကပြောသည်။
သမ္မတရုံး၏ သီးသန့်ရန်ပုံငွေသန်း ၁,၀၀၀ ကျော်ကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက လယ်ယာသုံး ကိရိယာများ တပ်ဆင်ပေးခြင်း၊ ရေလုပ်သားများကို လှေနှင့်ပိုက်များပေးအပ်ခြင်းနှင့် ပညာရေးဖွံ့ ဖြိုးမှုလုပ်ငန်းများအတွက် အသုံးပြု ရန်လတ်တလော ညွှန်ကြားထားသည်ဟု ပြည်နယ်အစိုးရက ဆိုသည်။
ထိုသို့ခွဲတမ်းရရှိမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် ငွေကျပ်သန်း ၁,၆၀၀ ကျော်ရရှိ ခဲ့သေးသည်။မြောက်ဦးမြို့ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှိုင်က “ရခိုင်တစ်ပြည်နယ်လုံးတ ကယ်ဖွံ့ဖြိုးလာဖို့တော့ မလောက်ဘူးပေါ့။ ဒါပေမဲ့တကယ် စနစ်တကျအသုံးပြုရင်တော့ အတိုင်းအတာတစ် ခုထိ ထိရောက်တာပေါ့” ဟု ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေးအတွက် ပြည်ထောင်စုအဆင့် အကောင်အထည်ဖော်ရန် ချမှတ်ထားပြီး ပြည်နယ်အစိုးရကို သီးသန့်ဘတ်ဂျက်ငွေ ကျပ် ၁ ဒသမ ၅ ဘီလီယံချထားပေးပြီးလက်ရှိ တွင် အဆိုပါ ၁ ဒသမ ၅ ဘီလီယံကိုအသုံးပြုမည့် အစီအစဉ်များပြည်နယ်အစိုးရရုံးသို့ ရောက်ရှိပြီးဖြစ်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအစီအစဉ်ကို ၀န်ကြီးချုပ်ဦးမောင်မောင်အုန်း လက်ထက်တွင် စတင်အကောင် အထည်ဖော်ရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး စီးပွားရေးဇုန်များ အပါအဝင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၏ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်း ဖြစ်သော်လည်း ၂၀၁၅ ခုနှစ်တွင်ထက် ၀က်ခန့်လျော့နည်းအောင် ပြည်ထောင်စုအဆင့်အကောင်အထည်ဖော်မည်ဟု ဒု-သမ္မတ၏ စက်တင်ဘာလအတွင်းက ရခိုင်ခရီးစဉ်တွင် ပြောကြားခဲ့သေးသည်။
သို့သော်လည်း ရခိုင်ပြည်နယ်လွှတ်တော်အမတ်များကမူ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဒေသခံများက တင်ပြရန် စောင့်ဆိုင်းနေသော်လည်းအချိန်မပေးခဲ့ဟု ဒု-သမ္မတကိုဝေဖန်ထားသည်။