ABSDF မှ ABSDF (UNRA) ပြည်ထောင်စုကာကွယ်ရေးတပ် အမည်ဖြင့် ခွဲထွက်

ABSDF မှ ABSDF (UNRA) ပြည်ထောင်စုကာကွယ်ရေးတပ် အမည်ဖြင့် ခွဲထွက်
by -
မဇ္စျိမ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ABSDF မှ ရဲဘော်ခင်ကျော် ဦးဆောင်ကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ပြည်ထောင်စုကာကွယ်ရေးတပ်) ABSDF (UNRA) အမည်ဖြင့် ခွဲထွက်လိုက်ကြောင်း ယင်းအဖွဲ့အစည်းသစ်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ရဲဘော်ခင်ကျော်(စစ်ဦးစီးချုပ်)က စက်တင်ဘာ ၆ရက်က မွန်ပြည်နယ် သိမ်ဇရပ်တွင် သတင်းစာရှင်းလင်း ပွဲလုပ်ကာ ကြေငြာလိုက်သည်။

ADSDF (UNRA) ကို စက်တင်ဘာ ၆ ရက်တွင် စတင်၍ တရားဝင်ဖွဲ့စည်းခြင်းဖြစ်သည်ဟု မွန်ပြည်နယ် သိမ်ဖြူဇရပ်် မြို့နယ် ဝါးဒတ်ကွင်းကျေးရွာ ဓမ္မသိဒ္ဓိကျောင်းတိုက်တွင် စက်တင်ဘာ ၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ABSDF (UNRA) ၏ ဥက္ကဋ္ဌ ရဲဘော်ခင်ကျော် (စစ်ဦးစီးချုပ်) က “ABSDFက ချမှတ်ထားတဲ့ မူဝါဒတွေကို တိတိကျကျ အကောင်အထည်ဖော်ဖို့ အားကျိုးမာန်တက်အလုပ်လုပ်ဖို့က တော်တော့်ကို နည်းပါးလို့ ခွဲထွက်လာရတာပါ။ ABSDFက မူဝါဒတွေကိုပဲ ဆက်လက် လက်ခံကျင့်သုံးသွားမှာပါ။ ခုကစိတ်ဝမ်းကွဲ တာမဟုတ်ပါဘူး။ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ခွဲထွက်ခဲ့တာပါ”ဟု မဇ္စျိမကို ပြောသည်။

ABSDF (UNRA) အနေဖြင့် ပါတီနိုင်ငံရေးနှင့် ကိုယ်ကျိုးစီးပွားအလုပ်များကို လုပ်ကိုင်မည်မဟုတ်ဟု ABSDF (UNRA) ၏  အတွင်းရေးမှူး-၂ ရဲဘော်ကျော်ကျော်( ဒု-စစ်ဦးစီးချုပ်)က ပြောသည်။

“ကျွန်တော်တို့က ရပ်တည်မယ့် ဘဏ္ဍာငွေကို ပြည်သူတွေက ကြည်ကြည်ဖြူဖြူပေးတဲ့၊ နိုင်ငံတကာရောက်နေတဲ့ ရဲဘော်တွေ ထောက်ပံတဲ့ငွေနဲ့ရပ်တည်ပါမယ်။ ပြီးတော့ မဟာမိတ်တွေနဲ့ သဘောတူညီချက်ရယူထားတဲ့ စီးပွားရေးလုပ်ငန်း အသေးစားလေးတွေ လုပ်ပါမယ်”ဟု  ရဲဘော် ကျော်ကျော်က ဆက်လက်ပြောကြားသည်။

ABSDFတွင် ဆက်သွယ်ရေးတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့ နှင့် တပ်ရင်း ကိုးရင်း ရှိပြီး ယင်းတပ်ရင်းနှင့် တပ်ဖွဲ့များမှ အဖွဲ့ဝင်များကို ABSDF (UNRA) တွင် ပါဝင်လာရန် စည်းရုံးမည်မဟုတ်ဘဲ ယုံကြည်ချက်ခြင်း တူညီ၍ လာရောက်ပူး ပေါင်းမည်ဆိုပါက လက်ခံမည်ဖြစ်သည်ဟု ABSDF (UNRA)၏ စစ်ဦးစီးချုပ် ရဲဘော်ခင်ကျော်က ပြောသည်။

ABSDFတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ၊ ပြည်ပရှိ ရဲဘော်များ ပါဝင်သည့် အစည်း အဝေးတစ်ရပ်ကို စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး အပြီးတွင် ABSDF (UNRA) ၏ ဦးဆောင်ကော်မတီကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ABSDF၏ ဒု-ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက “ ဘာကို သဘောထားကွဲလွဲတယ်လို့ ပြောတာလဲတော့ နားမလည်ပါဘူး။ အဖွဲ့အစည်းမှာက တစ်ဦးကောင်း တစ်ယောက်ကောင်းတော့ လုပ်လို့မရပါဘူး။ စုပေါင်းဦးဆောင်မှု တစ်ဦးချင်းတာဝန်ယူမှုနဲ့ပဲ ABSDF ကို သွားနေခဲ့တာပါ”ဟုပြောသည်။

လက်ရှိအချိန်တွင် ABSDF အနေဖြင့် ချမှတ်ထားသည့် မူဝါဒ လမ်းစဉ်များကို ဆက်လက် အကောင်အထည် ဖော်လျှက်ရှိသည်ဟု ရဲဘော် မျိုးဝင်းက ဆက်လက်ပြောကြားသည်။

ABSDF၏ အပစ်အခက် ရပ်ဆဲရေး ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ - နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းအရ နည်းလမ်းရှာဖွေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ABSADF ၏ ဗဟိုစစ်ကော်မရှင်က ရဲဘော်ခင်ကျော်ကို ABSDF မှ ချမှတ်ထားသော မူများကိုကျော်လွန်ပြီး - ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတပ်ဖွဲ့ (Union Peace Development Force – UPDF) အမည်ဖြင့် သီးခြားအဖွဲ့အစည်းထူထောင်ရန် ကြိုးပမ်းမှု၊  အဖွဲ့အစည်းအတွင်း ပြိုကွဲစေရန် ကြိုးပမ်းအားထုတ်မှု စသည့် အချက်လေးချက်ကို  ABSDF မှ စက်တင်ဘာ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

Most read this week