အယ်လ်ကိုင်ဒါ အဖွဲ့က တောင်အာရှတွင် ဘာသာရေး စစ်ပွဲ ဆင်နွှဲမည့်အဖွဲ့ခွဲ အသစ် တစ်ခု ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပြီးနောက် အိန္ဒိယက ပြည်နယ် ငါးခုတွင် တပ်လှန့်ထားလိုက်သည်ဟု စက်တင်ဘာ ၅ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အယ်လ်ကိုင်ဒါ အကြီးအကဲ အေမန် အယ်လ် ဖဝါဟာရီက စစ်ဆင်ရေး သစ်အရ မြန်မာ၊ဘင်္ဂ လားဒေ့ရှ်နှင့် အိန္ဒိယတို့အား တိုက်ခိုက်သွားမည်ဟု ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ အိန္ဒိယမှာ အစဉ်အလာအားဖြင့် မွတ်စလင်လူဦးရေအများ အပြားရှိသော်လည်း ထိုနိုင်ငံမှ မွတ်စလင်များမှာ သဘောထား ပျော့ပြောင်းသူများ ဖြစ်ကြသည်။
“ကျွန်တော်တို့ဟာ ဒီကိစ္စကို အလေးအနက် စဉ်းစား ဆောင်ရွက်သွားပါတယ်။ ဒီလိုခြိမ်းခြောက်မှုမျိုး ကို မသိကျိုးကျွံပြုထားလို့ မရပါဘူး” ဟု အိန္ဒိယထောက်လှမ်းရေး ရင်းမြစ်တစ်ခုက ပြောသည်။
ကျွန်တော်တို့ ပြည်နယ်တွေ ကို နိုးနိုးကြားကြား ရှိနေကြဖို့ ပြောထားပါတယ်။ အထူးသဖြင့် ဂူဂျာရတ်၊ မဒဟာပရာဒေ့ရှ် ဥတ္တရာပရာဒေ့ရှ်နဲ့ ဘီဟာပြည်နယ် တို့ကိုပြောထားပါတယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။
ကျွမ်းကျင်သူများကမူ အယ်လ်ကိုင်ဒါ အဖွဲ့သည်အိန္ဒိယတွင် မွတ်စလင်များ ကို ဘာသာရေးအစွန်းရောက် များဖြစ်အောင် စည်းရုံးရန်အတွက် အလွန် ရုန်းကန်သွားရလိမ့်မည်ဟု ပြောကြားသည်။
အယ်လ်ကိုင်ဒါ အဖွဲ့သည် တစ်ချိန်က ကမ္ဘာ အရပ်ရပ်မှ စစ်သွေးကြွများအားအာဖဂန်နစ္စ နယ်စပ်ရှိသင်တန်းပေး စခန်းများသို့ ဆွဲဆောင် ခေါ်ယူနိုင်ခဲ့သည်။
သို့ရာတွင် ၂၀၁၁ ခုနှစ် မေလတွင် အိုစမာဘင်လာဒင် ကျဆုံးသွားပြီးနောက်ဇဝါဟာရီ ဦးဆောင်သော ထိုအဖွဲ့များ အာဖရိကတွင် ယင်းအဖွဲ့က မွေးထုတ်ပေးခဲ့သူများ အခြားစစ်သွေးကြွအဖွဲ့နှင့် အာရေဗျကျွန်းဆွယ်ရှိ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS လောက် နာမည်မကြီးတော့ပဲ မှေးမှိန်သွားခဲ့သည်။
“ ဒါကတော့ လူသိများအောင် စတန့်ထွင်တာပါပဲ။ အခုအခါ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS က ကမ္ဘာမှာ ကြောက်စရာ အကောင်းဆုံးအဖွဲ့ပါ” ဟု နယူးဒေလီအခြေစိုက် ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေး အင်စတီကျူမှ သုတေသန ပညာရှင်အဂျစ်ကူးမားဆင်းက ပြောသည်။