မနောပွဲတော် ကျင်းပရန် ကချင်တိုင်းရင်သားများအကြား ကွဲလွဲမှုဖြစ်နေ

မနောပွဲတော် ကျင်းပရန် ကချင်တိုင်းရင်သားများအကြား ကွဲလွဲမှုဖြစ်နေ
by -
မဇ္စျိမ

သုံးနှစ်ကြာ ရပ်ဆိုင်းထားခဲ့သော ကချင်မနောပွဲတော်ကို ကျင်းပရန် ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်နေသော်လည်း ရိုးရာအစဉ်အလာအရ ကချင်လူမျိုးများ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့်သာ ပြုလုပ်ရန် ကချင်တိုင်းရင်းသားများက လိုလားသည်ဟု ဇိုင်ဝါးမျိုးနွယ်စု ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလနူးက မဇ္စျိမကို ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့သည် ၂၀၁၅ခုနှစ်တွင် ၆၇ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ကျင်းပရန်  ၂၀၁၁ခုနှစ်က ဖွဲ့စည်းခဲ့သော မနောပွဲတော် ဖြစ်မြောက်ရေး ကော်မတီကို  သြဂုတ်လ၈ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးတွင် တာဝန်ပေးခဲ့၍ ကချင် တိုင်းရင်းသား မျိုးနွယ်စုဝင် ၆ခုနှင့် သဘောထားကွဲပြားမှု ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

"မနောပွဲတွေ မလုပ်ဖြစ်တဲ့ ၃နှစ်မှာ အစိုးရအဖွဲ့က ကချင်ပြည်နယ်နေ့ကို ပြည်ထောင်စု အစိုးရရုံးက မြက်ခင်း ပြင်မှာ ညစာစားပွဲတွေလုပ်ခဲ့တာပါ။ ဒါကြောင့် အစဉ်အလာအတိုင်း ဗဟိုကော်မတီကို လုပ်ခွင့်မပေးရန် မနောပွဲလုပ်ချင်ရင် အစိုးရရုံးရှေ့မှာပဲလုပ်စေချင်တယ်" ဟု ဦးလနူးက ဆိုသည်။

ထို့ကြောင့် မနောပွဲတော်ကျင်းပရေးနှင့် ပတ်သက်၍ ကချင်မျိုးနွယ်စုဝင် ၆စု၏ သဘောထားများကို ကချင် လူမျိုးများ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီက သြဂုတ်လ ၂၅ရက်က ကောက်ယူခဲ့ရာ ကန့်ကွက်လိုခြင်း မရှိသော်လည်း မနောပွဲတော်အား ကချင်လူမျိုးများ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီကသာ ဦးဆောင်ရန် ဆန္ဒရှိကြသည်ဟု ဆိုသည်။ ခွင့်မပြုလိုပါက ရိုးရာအစဉ်အလာအတိုင်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနော်ကွင်း၌ မကျင်းပဘဲ သီးခြားကွင်းတစ်ခုတွင်သာ လုပ်ရန် ဇိုင်ဝါးမျိုးနွယ်စု ဗဟိုကော်မတီက သဘောထား ကြေငြာချက် ထုတ်ထားသည်။

ပြည်နယ်အစိုးရ၏ တိုက်တွန်းမှုဖြင့် မနောပွဲတော် ဖြစ်မြောက်ရေးကော်မတီက စက်တင်ဘာလအတွင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီများဖွဲ့ကာ မနောပွဲတော်ကို ဇန်နဝါရီ ၅ရက်မှ ရရက်အထိ ကျင်းပရန် သတ်မှတ်ထားသည်ဟု ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးလခရိလအောင်က ပြောသည်။

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် မနောပွဲတော်ကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းတွင် ဇန်နဝါရီ ၁၀ရက်၌ နှစ်စဉ်ပြုလုပ်ခဲ့သော်လည်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ် မတော်တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သော ၂၀၁၁ခုနှစ်မှ စတင်၍ မနောပွဲတွေများကို ရပ်ဆိုင်းထားခဲ့သည်။