UNFC ဥက္ကဋ္ဌအဖြစ် အင်ဘန်လကို ထပ်မံရွေးကာ KNUကို ဒုဥက္ကဋ္ဌနေရာတွင် ထည့်သွင်းထား

UNFC ဥက္ကဋ္ဌအဖြစ် အင်ဘန်လကို ထပ်မံရွေးကာ KNUကို ဒုဥက္ကဋ္ဌနေရာတွင် ထည့်သွင်းထား
by -
မဇ္စျိမ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ ဥက္ကဋ္ဌ အဖြစ် ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) မှ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် ဒု-ဥက္ကဋ္ဌ နှစ်နေရာ ရွေးချယ်ပြီး အဖွဲ့မှ ယာယီနုတ်ထွက် ထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုပါ ရွေးချယ် တင်မြောက်ထားသည်။

UNFC၏ လာမည့် သက်တမ်းအတွက် ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ဒု-ဥက္ကဋ္ဌ (၁ )အဖြစ် မွန်ပြည် သစ်ပါတီမှ  နိုင်ဟံသာနှင့် ဒုဥက္ကဋ္ဌ(၂)အဖြစ် KNUကို ရွေးချယ်ထားသည်။ ထို့ပြင် အထွေထွေ အတွင်းရေး မှူးအဖြစ် ကရင်နီတိုးတက်ရေးပါတီ(KNPP)မှ ခူးဦးရယ်၊ တွဲဘက် အတွင်းရေးမှူး (၁) ခွန်ဥက္ကာ၊ တွဲဘက် အတွင်းရေးမှူး (၂) ဆလိုင်းဒန်ဟေး နှင့် စုစုပေါင်း ၁၂ ဦးပါ ဗဟိုအမှုဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

"ဥက္ကဋ္ဌ က အရင်ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လပဲလေ။ ဒု-ဥက္ကဋ္ဌ ၂ ကိုတော့ ကေအန်ယူကို ရွေးချယ်လိုက် တယ်။ အားလုံး ၁၂ ယောက်ထဲက ကျန်တဲ့လူတွေက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ပေါ့နော်"

ဟု ပလောင် (တအာင်း)အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLF) မှ ဥက္ကဋ္ဌ ဗိုလ်ချုပ် တာအိုက်ဘုန်းကပြော သည်။

ယခင်က UNFC ၏ ဥက္ကဋ္ဌ မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လဖြစ်ပြီး ဒု-ဥက္ကဋ္ဌ သည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ အေဘယ်လ်တွီဒ်က တာဝန်ယူခဲ့သည်။

KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းကမူ ၎င်းတို့အား ဒု-ဥက္ကဋ္ဌ နေရာကို ချန်ထားပေးမှုကို မသိရသေးသော်လည်း UNFC အတွင်း ဆက်လက် ပါဝင်ရေး မပါဝင်ရေးကို အောက်တိုဘာလတွင်ကျင်းပမည့် KNU၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဟု မဇ္စျိမကို ပြောသည်။

"အခုက ဘယ်လိုသဘောနဲ့ထားတယ်ဆိုတာ ကျွန်တော်တို့မှ မသိတာ။ ကျွန်တော်တို့က ပါဝင်မယ်ဆိုရင်လည်း အဖွဲ့ဝင်အနေနဲ့လည်း ပါဝင်တယ်။ ဦးဆောင်မှု အခန်းကဏ္ဍကို ကျွန်တော်တို့ ယူချင်လို့ မဟုတ်ပါဘူး။ အဖွဲ့ဝင်အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်လို့ ရတာပဲ။ ရွေးကောက်ပွဲမှာ အများဆန္ဒဆိုရင် ကျွန်တော်တို့ ဘာမှငြင်းပယ်စရာ မရှိပါဘူး"ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။

ခုနှစ်ရက်ကြာ ကျင်းပခဲ့သော UNFCညီလာခံအတွင်း အဖွဲ့၏ ဖွဲ့စည့်ပုံအခြေခံ ဥပဒေများ ပြင်ဆင်ဖြည့်စွက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် နိုင်ငံရေးဆွေးနွေးပွဲ ဦးဆောင်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

KNU အနေဖြင့် ညီလာခံသို့ အဖွဲ့ဝင်အဖြစ် ပါဝင်မှုကို ရပ်ဆိုင်းကြောင်းနှင့် အဖွဲ့ဝင် ကိုယ်စားလှယ် ပေးပို့ခြင်းလည်း ရပ်ဆိုင်းကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူးစေးဖိုးက UNFC ထံ စက်တင်ဘာ ၁ရက်က တရားဝင်စာပေးပို့ခဲ့သည်။ ပေးပို့သည့်စာတွင် ညီညွတ်ရေးနှင့် ခိုင်မာသည့် တပ်ပေါင်းစု တည်ဆောက်နိုင်ရန်အတွက် တစ်တပ်တစ်အား ကြိုးပမ်း ပါဝင်ဆောင်ရွက်သွားမည်ဟု UNFC သို့ ပေးပို့ခဲ့သည်။

သြဂုတ်လ ၃၁ ရက်က ပြုလုပ်ခဲ့သည့် UNFC ညီလာခံတွင် ဗဟိုချုပ်ကိုင်မှုနည်းသော ပုံစံဖြင့် ဖွဲ့စည်းသွားရန် KNU၏ တင်ပြခဲ့မှု အပေါ် အဖွဲ့ဝင်များအနေဖြင့် လက်ခံခြင်း မရှိသဖြင့် KNU ဗဟိုနှင့် ဆက်လက်ညှိနှိုင်းမည်ဟု ပြောဆိုကာ ညီလာခံမှ နုတ်ထွက်သွားခြင်း ဖြစ်သည်။

UNFC ညီလာခံကို မူလက သြဂုတ်လ ၂၅ ရက်မှ ၂၈ ရက်ထိ လေးရက်ကြာ ကျင်းပရန် စီစဉ်ထားသော်လည်း UNFC ၏  မူဝါဒ၊ စုဖွဲ့မှုများနှင့် ပတ်သက်၍ အဖွဲ့ဝင်များအကြား ညှိနှိုင်းမှုများ  မပြီးပြတ်သဖြင့်ရပ်ဆိုင်းထားခဲ့ပြီး သြဂုတ် ၃၁ရက်မှ စတင်ကာ စက်တင်ဘာ ၂ရက်အထိ ခုနှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။

သြဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တွင် ပြည်တွင်းမှ ဒီမိုကရေစီအင်အားစု အဖွဲ့အစည်း ငါးဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများပေါ်ပေါက်ရေးနှင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။

UNFC ၏ ပထမဆုံး ညီလာခံတွင် အဖွဲ့ဝင်များဖြစ်သော KIO, KNU, KNPP, NMSP, CNF, SSPP, PNLO, PSLF, LDU, ANC, WNO,MNDAA တို့နှင့် ဆက်စပ်အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်ကြသည့် ALP, AA, DKBA,  KNU/KNLA-PC, ABSDFတို့မှ ကိုယ်စား လှယ်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက တိုင်းရင်းသားညီလာခံကြီးမှ စတင်ဖွဲ့ခဲ့ခြင်း ဖြစ်သည်။

Most read this week