ကျောက်ဖြူ အထူးစီးပွားရေးဇုံ အနီး ရွှံ့မီးတောင်ပေါက်ကွဲ၍ လယ်ဧက ၈၀ကျော်ပျက်ဆီး

ကျောက်ဖြူ အထူးစီးပွားရေးဇုံ အနီး ရွှံ့မီးတောင်ပေါက်ကွဲ၍ လယ်ဧက ၈၀ကျော်ပျက်ဆီး
by -
မဇ္စျိမ

ကျောက်ဖြူ အထူးစီးပွားရေးဇုံအဖြစ် မူလသတ်မှတ်နေရာဖြစ်သည့် စည်မော်ကျေးရွာအနီးတွင် သြဂုတ် ၃၁ရက်က ရွှံ့မီးတောင်ပေါက်ကွဲခဲ့သဖြင့် လယ်ယာမြေ ဧက ၈၀ကျော်ဆုံးရှုံးခဲ့သည်ဟု ကျောက်ဖြူ ဒေသဖွံ့ဖြိုးရေး အဖွဲ့မှကိုထွန်းထွန်းနိုင်က မဇ္စျိမကိုပြောသည်။

ကျောက်ဖြူ မြို့ အရှေ့မြောက် ၁၄ မိုင်အကွာရှိ စည်မော်၊ ရှောက်ချောင်း၊ကြတ္တိန် ကျေးရွာ သုံးရွာကြားရှိ ရွှံ့မီးတောင်မှာပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လယ်ယာမြေ များကို ဝင်ရောက်ခဲ့သည်ဟု ၎င်းကပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုံအနီး စည်မော်ကျေးရွာပတ်ဝန်းကျင်ရှိရွှံ့မီးတောင် သြဂုတ် ၃၁ရက်က ပေါက်ကွဲပြီး ချော်ရေများ စီးကျနေ စဉ်။(ဓာတ်ပုံ- ထွန်းထွန်းနိုင်)

“ညနေပိုင်းက စပြီး ပွက်နေတာ၊ နေဝင်ချိန်လောက်ဆို ပေါက်ကွဲသွားပြီးစပါးစိုက်ထားတဲ့ လယ်တွေထဲကို ရွှံ့ရည်တွေ ၀င်သွားတာပေါ့ ရွှံ့အပူဆိုတော့ပျက်စီး သွားမယ်ထင်တယ်”ဟု ကိုထွန်းထွန်းနိုင်ကဆိုသည်။

ရွှံ့မီးတောင်မှ ရွှံ့ရည်များ အဆက်မပြတ်စီးဆင်းမှုမှာ သြဂုတ် ၃၁ ရက်ညနေငါးနာရီမှ ခုနှစ်နာရီ အထိ နှစ်နာရီ ကြာမြင့်ခဲ့ပြီး ပတ်ဝန်းကျင်ရှိစိုက်ပျိုးပြီး လယ်ဧ က ၈၀ ကျော်ကို ဖုံးလွမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းနေရာသည် ကျောက်ဖြူ အထူးစီးပွားရေးဇုံ တည်ဆောင်ရန် လျာထားဖူးသောနေရာဖြစ်ပြီး ရွှံ့မီးတောင်တွေ့သဖြင့် အထူးစီးပွားရေးဇုံ နေရာ သတ်မှတ် ချက်ကို ဇွန်လအတွင်းက ပြောင်းလဲခဲ့သည်။

“စီးပွားရေးဇုံနဲ့တော့ မဆိုင်တော့ဘူး ရွှေ့လိုက်တဲ့အတွက်ဝေးသွားပါပြီ”ဟုကျောက်ဖြူ အထူးစီးပွားရေးဇုံ တင်ဒါရွေးချယ်ရေး အဖွဲ့မှဦးအောင်ကျော်သန်းက မဇ္စျိမကိုပြောသည်။

ကျောက်ဖြူ မြို့နယ်တွင် ရွှံ့မီးတောင် သုံးခုရှိပြီး သစ်ပုတ်တောင်၊နဂါးတောင်တို့တွင်လည်း ရွှံ့မီးတောင်များရှိ သေးသည်ဟုဆိုသည်။

အဆိုပါ ရွှံ့မီးတောင်မှာ ၂၀၁၂ ခုနှစ်က တစ်ကြိမ်ပေါက်ကွဲခဲ့သေးပြီး ယခုအကြိမ်သည် ပိုမိုကြီးမားစွာ ပေါက်ကွဲခြင်းဖြစ်သည်ဟု ဆိုသည်။

Most read this week