ရှမ်းပြည်နယ်မှ ဒုက္ခသည်များ ရိက္ခာအတွက် စိုးရိမ်နေကြရ

ရှမ်းပြည်နယ်မှ ဒုက္ခသည်များ ရိက္ခာအတွက် စိုးရိမ်နေကြရ
by -
မဇ္စျိမ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်လာလျှင် ဒုက္ခသည်များအတွက် ရိက္ခာ လုံလောက်မှုရှိမည်မဟုတ်ဟု ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ(ယာယီ) ပြန်ကြားရေး တာဝန်ခံ ဦးစိုင်းလိုင်ခမ်းက မဇ္ဈိမကို ပြောသည်။

“ခုရှိတဲ့ လူအတွက်ဆိုရင် ရိက္ခာက နောက်လအထိ စားလို့ ရနိုင်ပေမယ့် တိုက်ပွဲတွေ သိပ်ပြီးစိပ်လာလို့ ထွက်ပြေးလာတဲ့ လူတွေ တိုးလာမယ်ဆိုရင် ရိက္ခာကပြတ်သွားမှာပဲ” ဟု ၎င်းက ပြောသည်။

Shan-IDPs

ကျေးသီးမြို့နယ်၊ တာဖာဆောင်ရွာ တံတားအနီးတွင် အခြေချသော SSPP/ SSA  တပ်စခန်းနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ စကခ (၂) မှ ခလရ ၂၄၇ တို့ ယခုနှစ် ဇွန်လ ၂၆ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး သြဂုတ်လအတွင်း တိုက်ပွဲအကြိမ်အရေအတွက် ပိုများလာသည်ဟု ဦးစိုင်းလိုင်ခမ်းက ပြောသည်။

တိုက်ပွဲကြောင့် တာဖာဆောင်ရွာမှ ဒေသခံများသည် ၀မ့်ဝပ်ရွာနှင့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးခဲ့ ကြသည်။ ၀မ့်ဝပ်ရွာ ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၆၃ ခုမှ လူပေါင်း ၂၉၁ ဦး မှာ ယခုအချိန်ထိ နှစ်လကျော်ကြာ နေထိုင်နေကြရသည်။

စစ်ရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို ကျေးသီးမြို့နယ်မှ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထောက်ပံ့ပေးနေသည်။ သြဂုတ်လ ၂၄ နှင့် ၂၅ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP)က ၀မ့်ဝပ်ရွာသို့ လာရောက်ကာ ဒုက္ခသည်အရေအတွက်စာရင်း လာကောက်သွားသော်လည်း အကူအညီများ မရောက်သေးပေ။

ဦးစိုင်းလိုင်ခမ်းက “အစိုးရတပ်တွေက အခြေစိုက်စခန်းလုပ်ထားတဲ့အပြင်ကို ၂၆ ရက်ကစပြီး ရွာအဝင်လမ်းကို ခြံစည်းရိုးခတ်လိုက်တယ်။ SSPP/SSA ကလည်း ဒီနားမှာပဲ တပ်စွဲထားတော့ ဒုက္ခသည်တွေ အိမ်လဲ ပြန်မရ စိုက်ခင်းတွေလဲ လုပ်မရ အရမ်းဒုက္ခဖြစ်တယ်”ဟု ဆိုသည်။

ထို့ကြောင့် တာဖာဆောင်ရွာမှ အစိုးရစစ်တပ်များ ပြန်လည်ဆုတ်ခွာပေးရန်နှင့် နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပျက်စီးဆုံးရှုံးသွားရသော နေအိမ်ခြံဝင်းများ၊ လူသုံးပစ္စည်များ၊ လယ်ယာသီးနှံများ၊ လယ်ယာသုံး တိရစ္ဆာန်များအတွက် လျော်ကြေးပေးရန် လက်မှတ်ထိုးတောင်းဆိုထားသော ဒေသခံတို့၏ တိုင်ကြားစာကို သြဂုတ်လ ၂၆ ရက်က နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာအစိုးရဌာနများသို့ ပေးပို့ခဲ့သည်။

အစိုးရတပ်များက တာဖာဆောင်ရွာအတွင်း ကတုတ်ကျင်းများ တူးခြင်း၊ ရွာလမ်းမများပေါ်တွင် ခြံစည်းရိုးခတ်၍ လမ်းများပိတ်ကာ ဒေသခံများကို တင်းကျပ်စွာ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေသဖြင့် စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ရန် အခက်ခဲဖြစ်နေရကြောင်း တိုင်ကြားစာတွင် ရေးသားထားသည်။

ထို့အပြင် လက်ရှိအချိန်အထိ နှစ်ဖက်တပ်များ သဘောထားတင်းမာနေခြင်းကြောင့် စိုက်ပျိုးချိန်လွန်သွား ခြင်းကြောင့် လယ်စိုက်ခင်းဧကပေါင်း ၄၂၂ ဒသမ ၅ ဧက ဆုံးရှုံးသွားခဲ့ရသည့်အပြင် တိရစ္ဆာန်များကို အစိုးရတပ်များက ပစ်ခတ်စားသုံးခြင်းနှင့် ခြံစည်းရိုးများပျက်စီးခြင်းစသည့် အခက်အခဲများလဲ ကြုံတွေ့နေရသည်။