အီဘိုလာ ဟုတ်၊မဟုတ် အိန္ဒိယတွင် စစ်ဆေးရန် IATA၏ ခွင့်ပြုချက် မရသေး

အီဘိုလာ ဟုတ်၊မဟုတ် အိန္ဒိယတွင် စစ်ဆေးရန် IATA၏ ခွင့်ပြုချက် မရသေး
by -
မဇ္စျိမ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်ဆေးခွင့် ထောက်ခံချက် ရရှိပြီးသော်လည်း အီဘိုလာဗိုင်းရပ်စ် ပိုးကူးစက်ခံရသူဟု သံသယရှိသူ၏ သွေးနမူနာစစ်ဆေးချက်ကို သတ်မှတ်ဓါတ်ခွဲခန်းသို့ ပို့ဆောင်နိုင်ရေး အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့၏ ခွင့်ပြုချက်မရသေးဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေမှူး ဒေါက်တာ ထွန်းတင်က မဇ္စျိမကို ပြောသည်။

သြဂုတ် ၁၉ရက်က အီဘိုလာဖြစ်ပွားရာ အာဖရိကမှ ပြန်လာသော သံသယရှိလူနာ၏ သွေးနမူနာကို အီဘိုလာဗိုင်းရပ်စ်ပိုး ဟုတ်၊ မဟုတ်အတည်ပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စမ်းသပ်စစ်ဆေးရန် ထောက်ခံချက်ကို သြဂုတ်လ၂၂ရက်က ရရှိပြီဖြစ်သော်လည်း  အဆိုပါ သွေးနမူနာ သယ်ယူမည့် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့၏ ခွင့်ပြုချက်မရသေးသည့်အတွက် အီဘိုလာ ဗိုင်းရပ်စ် ဓါတ်ခွဲစမ်း သပ်စစ်ဆေးရန် သတ်မှတ်ထားသော အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ် ဗေဒ ဓာတ်ခွဲခန်းသို့ သွေးနမူနာ ပို့ရန် စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။

“ကျန်းမာရေးဝန်ကြီးဌာနကနေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အီဘိုလာဗိုင်းရပ်စ်ပိုး စစ်ဆေးပေးဖို့ အကြောင်းကြားလာပါပြီ။ ညွှန်းပို့ ဓါတ်ခွဲခန်းဖြစ်တဲ့ ပူနေးကိုပို့ရမှာ။ အပြည်ပြည်ဆိုင်ရာလေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ရဲ့ ခွင့်ပြုချက်လေးမှာ နည်းနည်းကြန့်ကြာနေတာ။ သူတို့ပြောတာက ခရီးသည်တင် လေယာဉ်မှာ ဒီလိုအန္တရာယ်ရှိပစ္စည်း သယ်လို့ မရဘူးလို့ ပြောတယ်။ ဒါ့ကြောင့် ဒီဘက်က ထွက်တဲ့ လေယာဉ် ဘယ်လေယာဉ်မှ သယ်လို့ မရတာ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ IATAကို အန္တရာယ် မဖြစ်အောင် ဒီပစ္စည်းတွေကို သယ်ခွင့်ပေးဖို့အတွက် အကြောင်းကြားစာ ပို့လိုက်ပြီလို့ WHO က ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါလေကြောင်းလိုင်းမှ အကြောင်းကြားစာ ရပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီအစဉ်ဖြင့် သွေးနမူနာကို မြန်မာနိုင်ငံသို့ လာရောက်သယ်ဆောင်ကာ အိန္ဒိယနိုင်ငံ ပူနေးမြို့သို့ ပို့ဆောင်သွားမည် ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက “ ကမ္ဘာ့ကျန်းမာရေးဘက်က သက်မှတ်ထားတဲ့ အိန္ဒိယနိုင်ငံ ပူနေးမြို့မှာရှိတဲ့ ဓါတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးတဲ့ အချိန်က ၈ နာရီပဲကြာမယ်။ ပြီးရင် အဖြေကို သုံးရက်ကနေ ငါးရက်အတွင်း ထုတ်ပြန်သွားနိုင်လိမ့်မယ်ထင်တယ်” ဟု မြန်မာ့ရုပ်မြင်သံကြားတွင် သြဂုတ် ၂၁ရက်က ပြောကြားခဲ့သည်။

လက်ရှိတွင် အီဘိုလာ ဗိုင်းရပ်စ်ရောဂါအဖြစ် သံသယရှိခံရသူ လူနာမှာ ရန်ကုန်ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန၏ စစ်ဆေးချက်အရ ငှက်ဖျားရောဂါပိုး နှစ်မျိုးကူးဆက်ခံရသည့် လက္ခဏာတွေ့ ရှိခဲ့ရပြီး ငှက်ဖျားရောဂါကို ဝေဘာဂီဆေးရုံတွင် ကုသပေးနေမှုကြောင့် ရောက်ရှိခဲ့သည့်အချိန်ထက် အခြေအနေတိုးတက်မှုရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most read this week