တိုင်းရင်းသားစာပေကို ကျောင်းတိုင်း လွတ်လပ်စွာ ဆုံးဖြတ်သင်ကြားခွင့်ပေးရန် NNER တောင်းဆိုမည်

တိုင်းရင်းသားစာပေကို ကျောင်းတိုင်း လွတ်လပ်စွာ ဆုံးဖြတ်သင်ကြားခွင့်ပေးရန် NNER တောင်းဆိုမည်
by -
မဇ္စျိမ

အခြေခံကျောင်းတိုင်းတွင် မိခင်တိုင်းရင်းသားစာပေကို လွတ်လပ်စွာ ဆုံးဖြတ်ရွေးချယ်သတ်မှတ်ခွင့်ပေးရန် သြဂုတ် ၂၂ ရက်တွင် တောင်းဆိုမည်ဟု ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က မဇ္ဈိမကို ပြောသည်။

အခြေခံကျောင်းတိုင်းတွင် မြန်မာစာပေနှင့် အင်္ဂလိပ်စာပေအပါအဝင် မိခင်တိုင်းရင်းသားစာပေကို ထည့်သွင်း သင်ကြားနိုင်ရေးအတွက် NNER က သမ္မတ၊ ပညာရေးဝန်ကြီးဌာန၊ လွှတ်တော်နှစ်ရပ် နှင့် အခြေခံသင်ရိုး ရေးဆွဲရေးတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကုလသမဂ္ဂ သိပ္ပံပညာနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) တို့သို့ သြဂုတ်လ ၂၂ ရက်တွင် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားပေးပို့သွားမည်ဖြစ်သည်။

မြန်မာဘာသာစကား၊ အင်္ဂလိပ်စကားနှင့် မိခင်တိုင်းရင်းသားဘာသာစကား တစ်မျိုးမျိုးကို အခြေခံကျောင်းတိုင်းတွင် သင်ကြားနိုင်ရေး ကျောင်းတိုင်းက လွတ်လပ်စွာ ဆုံးဖြတ်ရွးချယ်သင်ကြားခွင့်ရရန် တောင်းဆိုခြင်းဖြစ်သည်။

တိုင်းရင်းသားဒေသများတွင် မိခင်တိုင်းရင်းသားစာပေများ မသင်ကြားနိုင်သည့်အတွက် ကျောင်းနေနှုန်း ပိုမိုလျော့ကျလာသဖြင့် အဆိုပါစနစ်ကို ကျောင်းတိုင်းတွင် ပုံပေါ်လာပါက တိုင်းရင်းသားကလေးငယ်များ မိမိတို့ ကျွမ်းကျင်သော ဘာသာစကားကို အခြေပြု၍ သင်ယူခွင့်ရရှိသဖြင့် ကျောင်းနေပျော်ခြင်း၊ သင်ကြားသော ဘာသာရပ်များကို နားလည်လွယ်ကူစေခြင်း၊ မိမိဘာသာစာပေ၏ တည်ဆောက်ပုံနှင့် အသုံးဝင်မှုကို နားလည်လာသဖြင့် အခြားဘာသာစကားများ (မြန်မာစာနှင့် အင်္ဂလိပ်စာ) စသည့် ဘာသာရပ်များ သင်ယူရန် လွယ်ကူခြင်းစသည့် အကျိုးကျေးဇူးများရှိခြင်းကြောင့် တိုင်းရင်းသားဘာသာစကားများစွာ ရှိသည့်အတွက် စံနှုန်းတစ်ခု သတ်မှတ်ကာ ဆောင်ရွက်ရမည်ဖြစ်သည် ဟု ၎င်းက ဆိုသည်။

“ကျောင်းအလိုက် ဆုံးဖြတ်ချက်ချခွင့်ပေးရမယ်”ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။

တိုင်းရင်းသားစာပေသင်ကြားရာတွင် မူကြိုအဆင့်၌ မိခင်ဘာသာစကား ၁၀၀ ရာခိုင်နှုန်းကို လည်းကောင်း၊ မူလတန်း အဆင့်တွင် မိခင်ဘာသာစကား ၆၀ ရာခိုင်နှုန်းနှင့် မြန်မာနှင့် အင်္ဂလိပ်ဘာသာစကား ၄၀ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်တွင် မိခင်ဘာသာစကား ၄၀ ရာခိုင်နှုန်း၊ မြန်မာနှင့် အင်္ဂလိပ်ဘာသာ ၆၀ ရာခိုင်နှုန်း အဆင့်ဆင့်တိုးချဲ့သင်ကြားရမည်ဖြစ်သည်။

ကရင်တိုင်းရင်းသားကလေးများကို ကရင်ဘာသာစကား-မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား သုံးမျိုးသတ်မှတ်ပြီး သချင်္ာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်တို့တွင် (တိုင်းရင်းသားဘာသာဖြင့် ရာခိုင်နှုန်း မည်မျှသင်မည်ကို) စံနှုန်းသတ်မှတ်ရမည်ဖြစ်သည်။ ပထဝီနှင့် သမိုင်းဘာသာရပ်တို့ကိုမူ စံနှုန်းသတ်မှတ်ရန် မလိုအပ်ဘဲ ကြိုက်နှစ်သက်ရာ ဘာသာစကားဖြင့် သင်ကြားပါက ပိုမိုထိရောက်မည်ဟု ဒေါက်တာသိန်းလွင်က ဆိုသည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းတွင် သင်ရိုးညွှန်းတမ်းစံနှုန်းများကို အခြေခံ၍ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးမှုကို ဒေသအလိုက် လွတ်လပ်စွာ ဆောင်ရွက်နိုင်သည်ဟု ပါရှိသော်လည်း အခြေခံပညာရေးကောင်စီ ဖွဲ့စည်း၍ ကော်မတီဖွဲ့ရမည်ဟု ပါနေခြင်းကြောင့် ပြန်လည်ပိတ်ပင်သလို ဖြစ်နေသည်ဟု ၎င်းက ပြောသည်။