သမ္မတကို အသံတိတ်ဆန္ဒပြခဲ့သည့် သတင်းထောက်များအား ပုဒ်မ ၁၈ ဖြင့် ဖွင့်ထားသည့်အမှုကို ပိတ်သိမ်း လိုက်ပြီ ဟု ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ ဒု-ရဲမှူး မောင်မောင်ဦးက မဇ္ဈိမကို ပြောသည်။
“သတင်းထောက်တွေ တောင်းဆိုထားတာရှိတယ် မဟုတ်လား။ အဲဒါကြောင့် ပယ်ဖျက်လိုက်တာပါ”ဟု ၎င်းက ပြောသည်။
စုံစမ်းထောက်လှမ်းမှုကိုလည်း ရပ်ဆိုင်းလိုက်မည်ဟု သြဂုတ် ၂၁ ရက်တွင် ဥပဒေရုံးသို့ ပေးပို့ခဲ့သည်။
ဆန္ဒပြမှုတွင်မပါ၀င်သည့် သတင်းထောက်များ၊ အရပ်သားများ ရောထွေးပါ၀င်နေသဖြင့် အမှုကိုရပ်ဆိုင်း လိုက်ခြင်းဖြစ်သည်ဟု ကမာရွတ်မြို့နယ်မှ ရဲမှူးဇော်ဝင်းက အတည်ပြုပြောသည်။
၎င်းက “ သတင်းဌာနတွေကို ၀င်မေးမြန်းစုံစမ်းရင်လည်း သတင်းမီဒီယာတွေနဲ့ ထိပ်တိုက် တွေ့လာနိုင်တာ တွေရှိမယ်။ ဒါကြောင့် ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ စုံစမ်းမှုကို ရပ်ဆိုင်းလိုက်တာပါ”ဟု ပြောသည်။
ဇူလိုင် ၁၂ ရက်က MPC တွင် အနုပညာရှင်များနှင့် သမ္မတတို့ တွေ့ဆုံပွဲကို သတင်းထောက် ၂၀ ဦးခန့်က “မီဒီယာဖိနှိပ်မှုရပ်”စာတန်းပါ အကျႌဝတ်ဆင်၍ အသံတိတ်ဆန္ဒပြသည်ဟု ဆိုကာ ကမာရွတ်မြို့နယ်ရဲစခန်း မှ ဒု-ရဲမှူးမောင်မောင်ဦးက သတင်းထောက်များကို ပုဒ်မ ၁၈ ဖြင့် ဇူလိုင်လအတွင်းကပင် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။