အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူဟု သံသယရှိလူနာ တစ်ဦးကို တွေ့ရှိပြီး နှစ်ရက်ကျော်အကြာတွင် ကာကွယ်နှိမ်နင်းကုသရေး အရှိန်အဟုန်မြှင့်ရန် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသနှိမ်နင်းရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ပထမဆုံးလုပ်ငန်း ညှိနှိုင်းရေးအစည်းအဝေးကို သြဂုတ် ၂၁ ရက်က ပြုလုပ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောကြားလိုက်သည်။
“ယခင်ကြံုတွေ့ရသည့် ဆားစ်ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ လူတုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်း အတွေ့အကြံုပေါ်မူတည်၍ ကူးစက်မြန်အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသနှိမ်နင်းရေးလုပ်ငန်း ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း” ဒု-၀န်ကြီး ဒေါက်တာဝင်းမြင့်က အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က “ပထမဆုံး လုပ်ငန်းညှိနှိုင်း အစည်းအဝေးလုပ်တာပါ။ အီဘိုလာရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အရှိန်အဟုန် မြှင့်တင်ဖို့ ကော်မတီမှာပါတဲ့ ၀န်ကြီးဌာန ၁၀ ခုနဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးတာပါ”ဟု ဒေါက်တာထွန်းတင်က ပြောသည်။
အဆိုပါ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းအစည်းအဝေးတွင် အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်မှုမှ ကာကွယ်ရေး ဆိုင်ရာ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကို ယခင်အတွေ့အကြံုများဖြစ်သည့် ဆားစ်ရောဂါကာကွယ်ရေး၊ H1N1 ရောဂါကာကွယ်ရေးနှင့် H5N1 ရောဂါကာကွယ်ရေးလုပ်ငန်းများ၏ အတွေ့အကြံုများအရ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဌာနအလိုက် ချိတ်ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟုလည်း ပြောသည်။
အဆိုပါလုပ်ငန်းကော်မတီတွင် ၀န်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့စွမ်းအားဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန အပါအဝင် ၁၀ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဆပ်ကော်မတီ ခုနစ်ခုကိုလည်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဆပ်ကေ်ာမတီများသည် ရောဂါအတည်ပြုရေး၊ ရောဂါစောင့်ကြည့်ရေး၊ ဆေးဝါးကုသရေး၊ ဓာတ်ခွဲစမ်းသပ် ရေးနှင့် ရောဂါထိန်းချုပ်ရေး၊ ဆေးဝါးနှင့် ဆေးပစ္စည်းထောက်ပ့ံရေးနှင့် သတင်းနှင့် ပြန်ကြားရေး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေး ဆပ်ကော်မတီများကို အဆိုပါ၀န်ကြီးဌာန ၁၀ မှ တာဝန်ရှိသူများနှင့်ပင် ဖွဲ့စည်းထားသည်။
“ဒီရောဂါဟာ ရောဂါပျိုးရက်က နှစ်ရက်ကနေ ၂၁ ရက်အထိ ကြာတဲ့အတွက် ကူးစက်ခံရပြီး ရက်၂၀ အထိ ဘာလက္ခဏာမှမပြလို့ လွယ်လွယ်ကူကူ မသိနိုင်ပါဘူး။ ဥပမာရောဂါကူးစက်ခံရသူဟာ ကိုယ့်နိုင်ငံအတွင်း ၀င်လာတယ်ဆိုရင်တောင် ရောဂါလက္ခဏာက ရက် ၂၀ ကျော်မှ သိရမှာမို့ ဒီရောဂါကူးစက်ခံရမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အဓိက ပြည်သူလူထုအတွင်းက သတင်းအချက်အလက် အရေးကြီးပါ တယ်။ သတင်းအချက်အလက် ရရင်တော့ အဓိကရောဂါ သံသယရှိရင် အဲ့ဒီလူကို အသက်မဆုံးရှုံးအောင် လုပ်ပေးနိုင်တာပေါ့”ဟုလည်း ပြောသည်။
ပြည်သူလူထုအတွင်း သတင်းအချက်အလက်ရရှိမှု အရေးကြီးခြင်းကြောင့် ပြည်သူလူထုအတွင်း ရောဂါဖြစ်ပွားမှုဆိုင်ရာ သတင်းအချက်အလက်များ ပေးပို့ကြပါရန် ကျန်းမာရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဒေါက်တာ ၀င်းမြင့်က သြဂုတ် ၂၁ ရက်က ကူးစက်မြန်အီဘိုလာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသနှိမ်နင်းရေးလုပ်ငန်း ကော်မတီ၏ ပထမဆုံး လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေးတွင် ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက “ပြည်သူလူထုအနေနဲ့ ဒီအီဘိုလာရော ဂါပိုးနဲ့ ပတ်သက်ပြီးတ အားကြီးကြောက်ရွံ့မနေဘဲ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်တဲ့လုပ်ငန်းတွေ၊ အခြေအနေတွေ၊ အခါအားလျော်စွာ ထုတ်ပြန်တဲ့ သတိပေးနှိုးဆော်ချက်တွေ ဒါတွေကို တိတိကျကျလိုက်နာဖို့ လိုတယ်။ ဒါကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ မိမိနိုင်ငံအတွင်း ကူးစက်မဝင်ရောက်နိုင်ရေး၊ ၀င်လာရင်လည်း အခြားသူတွေကို ကူးစက်မှုမရှိအောင် လျင်မြန်စွာ ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့”ဟု လုပ်ငန်းကော်မတီအစည်း အဝေးအပြီးတွင် ရုပ်/သံ မီဒီယာများကို ဖြေကြားခဲ့သည်။
သြဂုတ် ၁၉ ရက်က ဖျားနာခြင်း၊ အားအင်ချိနဲ့ခြင်း၊ သတိလစ်သကဲ့သို့ဖြစ်ခြင်းစသည့် ရောဂါလက္ခဏာများ ရှိသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကျန်းမာရေးအဖွဲ့က သံသယလူနာအဖြစ် သတ်မှတ်သူမှာ သြဂုတ် ၂၁ ရက်တွင် ကျန်းမာရေးအခြေအနေ တိုးတက်လာပြီဖြစ်သည်။ ၎င်းနှင့်အတူ အနီးကပ်ထိတွေ့သူ လေးဦးတို့ကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများစစ်ဆေးခြင်းနှင့် ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ သြဂုတ်လ ၂၀ ရက် ညနေပိုင်းတွင် ရရှိသော ဓာတ်ခွဲအဖြေအရ အီဘိုလာရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသူတွင် ငှက်ဖျားရောဂါပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ် ဖယ်စီပရမ်နှင့် ပလပ်စမိုဒီရမ်ဗိုင်းဘက်ရောဂါပိုး နှစ်မျိုးကူးစက်ခံနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
၎င်းနှင့်အတူ စစ်ဆေးကုသနေသည့် အခြားလေးဦးမှာ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာနတွင် စစ်ဆေးသည့် ဓာတ်ခွဲအဖြေအရ မည်သည့်ရောဂါပိုးမျှ မတွေ့ရှိရဟု ဆိုသည်။
သံသယရှိလူနာတွင် အီဘိုလာရောဂါ နှင့် ပတ်သက်သော ဓာတ်ခွဲစစ်ဆေးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ အကြောင်းကြားသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။