တောင်ကြီးတွင် သိမ်းဆည်းခံလယ်မြေများ ပြန်ရရေး ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်

တောင်ကြီးတွင် သိမ်းဆည်းခံလယ်မြေများ ပြန်ရရေး ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်
by -
မဇ္စျိမ

တောင်ကြီးမြို့နယ် အတွင်းရှိ သိမ်းဆည်းခံလယ်မြေများနှင့် ပတ်သက်ပြီး တောင်သူအယောက် ၅ဝဝကျော်က သြဂုတ် ရရက် နံနက် ၉နာရီခွဲက စတင်ကာ အေးသာယာမြို့သစ် တောင်ကြီးမြို့အဝင် မုဒ်ဦးမှ စက်မှုဇုန်ကြီးကြပ်ရေးရုံးအထိ နှစ်နာရီကျော်ကြာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

"ပွင့်လင်းတဲ့ ဖြေရှင်းမှုမျိုး မလုပ်ပေးလာတဲ့အတွက် ဆုံးရှုံးသွားတဲ့ မြေတွေ ပြန်ရဖို့ ဒုတိယအကြိမ်မြောက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်” ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ လယ်သမားရေးရာကော်မတီမှ ဦးတင်ရွှေက မဇ္စျိမကို ပြောသည်။

မူလက ရှမ်းပြည်နယ် အစိုးရရုံးစိုက်ရာ တောင်ကြီးမြို့ပေါ်တွင် ဆန္ဒဖော်ထုတ်ရန် တရားဝင်ခွင့်ပြုချက်ရရှိ ထားပြီးမှ အာဏာပိုင်များက နယ်မြေလုံခြံုရေး အခြေအနေအရ လမ်းကြောင်းပြောင်းပေးရန်တောင်းဆိုလာ သည့် အတွက် အေးသာယာမြို့သစ်သို့ ပြောင်းရွှေ့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု ဦးတင်ရွှေက ပြောသည်။

တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဦးကမူ "လူ၁ဝဝဝလောက်ဆိုတော့ များတဲ့ အခါကျတော့ လမ်းပန်းအခက်အခဲကြောင့်ရယ်၊ အန္တရာယ်မရှိအောင်လို့ပါ၊ အခက်အခဲအနေနဲ့ ဘာမှ မရှိပါဘူး” ဟု မဇ္စျိမကို ပြောသည်။

တပ်သိမ်းမြေ၊ ငြိမ်းချမ်းရေးအဖွဲ့ သိမ်းမြေ၊ စက်မှုဇုန်သိမ်းမြေ၊ မြို့ပြချဲ့သိမ်းမြေ နှင့် အခြား အကြောင်းမျိုးမျိုးပြ သိမ်းမြေများအတွက် ဆန္ဒဖော်ထုတ်ပြီး ထူးခြားမှု မရှိပါက တောင်သူလယ်သမားရေးရာ ကော်မတီမှ ဥပဒေ အတိုင်ပင်ခံ အဖွဲ့နှင့် တိုင်ပင်ပြီး တရားစွဲဆိုသွားမည်ဟုလည်း ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ လယ်သမားရေးရာ ကော်မတီမှ ဦးတင်ရွှေက ဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲအား အေးသာယာမြို့သစ်ရှိ တောင်ကြီးမြို့အဝင် မုဒ်ဦးမှ တစ်ဆင့် စက်မှုဇုန်ကြီးကြပ်ရေးရုံး ရှေ့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒဖော်ထုတ်ရာ လမ်းတစ်လျှောက်တွင်လည်း ဒို့မြေလုယူ ရောင်းစားမှု ချက်ခြင်းရပ်၊ ချက်ချင်းရပ်၊ ဝိသမ လောဘ တက်သူများ အလိုမရှိ အလိုမရှိ၊  ဒို့ရဲ့ မြေယာ - ဒို့ ပိုင်ရမည်၊ ဒို့ပိုင်ရမည်၊ ပြည်သူ့ ဆန္ဒ အောင်ရမည် အောင်ရမည် ကြွေးကြော်သံ သုံးချက်ကို ကြွေးကြော်ခဲ့ကြသည်။

သိမ်းဆည်းခံ လယ်ယာမြေများသည် ဘုရားဖြူရပ်ကွက်၄၊ ပလီလင်းကျေးရွာ၊ ရွှေညောင်၊ ပါနွေးရွာ၊ မီးသွေးဖုတ်ရွာ၊ ကွန်လုံ ၊ရေပူ၊ ဖက်ကွန်ကျေးရွာ၊ တောင်နီ ကျေးရွာ၊ နောင်ပစ်ကျေးရွာ၊ နောင်ကား ကျေးရွာ၊ ညိုမီးကျေးရွာ၊ အေးသာယာမြို့သစ်၊ စက်မှုဇုန် မုံတဝ အစရှိသည့် ဒေသများတွင် တပ်သိမ်းမြေများ၊ စက်မှုဇုန် တိုးချဲ့ သိမ်းမြေ၊ ငြိမ်းချမ်းရေးအဖွဲ့ သိမ်းမြေ၊ မြို့ပြ အကွက် ဖော်သိမ်းမြေ ဧက စုစုပေါင်း  ၅ဝဝဝ ကျော်ရှိ သည်ဟု ရှမ်းပြည်နယ် တောင်သူလယ်သမားရေးရာ ကော်မတီ စာရင်းများကဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲ အပြီးတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ရပခ တိုင်းမှူးတို့ထံသို့ အိတ်ဖွင့်ပေးစာ ထပ်မံ ပေးသွားမည်ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ လယ်သမားရေးရာကော်မတီ မှ ဦးတင်ရွှေ က ဆိုသည်။

ဇူလိုင်၂ ရက်ကလည်း သိမ်းဆည်းခံလယ်မြေများပြန်ရရန် တောင်သူ ၃ဝဝကျော်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အကြောင်းတစ်စုံတစ်ရာ ထူးခြားလာမှု မရှိသည့် အတွက် ဒုတိယ အကြိမ်မြောက် ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်။