၀န်ကြီးဌာနများ လူပြောင်းကုစားခြင်း ထက်မူဝါဒများ ပြောင်းလဲရန်လိုအပ်ကြောင်း အရပ်ဘက် ကျန်းမာရေး အဖွဲ့အစည်းအချို့က ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်တာဝန်မှ နုတ်ထွက်ခဲ့ခြင်းနှင့် အစားထိုးခန့်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောကြားလိုက်သည်။
၀န်ကြီးဌာနများ၏ ၀န်ကြီး၊ ဒု-၀န်ကြီး ပြောင်းကုစားခြင်းမျိုးထက် ၀န်ကြီးဌာန၏ မူဝါဒ၊ စနစ်၊ လူနှင့် ဘဏ္ဍာ ငွေလုံလောက်မှုများ ပြောင်းလဲနိုင်မှသာ အဆိုပါဌာန တိုးတက်နိုင်မည်ဟု အိပ်ချ်အိုင်ဗွီ ကူးစက်ခံရသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကရုဏာလရိပ်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက မှတ်ချက်ပြုသည်။
ကျန်းမားရေးဝန်ကြီးဌာန၏ နုတ်ထွက်သွားသည့် ပြည်ထောင်စုဝန်ကြီးနေရာတွင် လက်ရှိကျန်းမာရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာသန်းအောင်အား ခန့်အပ်တာဝန်ပေးရန် ဇူလိုင် ၃၀ ရက်တွင် ကျင်းပသည့် လွှတ်တော်သို့ သမ္မတကသဝဏ်လွှာ ပေးပို့မှုအပေါ် တုန့်ပြန်ခြင်းဖြစ်သည်။
လက်ရှိနုတ်ထွက်သွားသည့် ဒေါက်တာဖေသက်ခင်လက်ထက်၌ ကျန်းမာရေးလုပ်ငန်းများ နှောင့်နှေးနေရခြင်း သည် ကျင့်သားရနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးမူဝါဒများ လက်ရှိအချိန်ထိ အောက်ခြေသို့ မရောက်ရှိခြင်းကြောင့်ဟုလည်း အိပ်ချ်အိုင်ဗွီ ကူးစက်ခံရသူများကို စောင့်ရှောက်မှုပေးနေသည့် ရတနာ့မေတ္တာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြင့်ဆွေက ထောက်ပြပြောဆိုသည်။
“ကျန်းမာရေးဝန်ထမ်းတွေ ဦးနှောက်ရှိရုံနဲ့ မပြီးပါဘူး။ နှလုံးသားလည်းရှိမှ ဖြစ်ပါမယ်။ လူသားအရင်းအမြစ်က အခက်အခဲကအဓိကဖြစ်လို့ ၀န်ကြီးသစ်အတွက် စိန်ခေါ်မှုဖြစ်မယ်” ဟု ပြောသည်။
ကျန်းမာရေးကဏ္ဍကြီးတစ်ခုလုံး တိုးတက်စေရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်မှ တိုက်နယ်ဆေးရုံများအဆင့်အထိ ကျန်းမာရေးမူဝါဒများ ပျံနှံ့အကောင်အထည်ပေါ်လာရန် အရှိန်ယူ လုပ်ဆောင်ရဦးမည်ဖြစ်သော်လည်း ကျန်ရှိအစိုးရသစ်သက်တမ်း တစ်နှစ်ခွဲကာလအတွင်း ကျန်းမာရေးကဏ္ဍ တိုးတက်လာရန် မလွယ်ကူကြောင်း၊ ၀န်ကြီးသစ်အတွက် ကျန်းမာရေးကဏ္ဍကြီးတွင် ရုပ်ပိုင်းဆိုင်ရာများ ဖြစ်သည့် ဘဏ္ဍာငွေ၊ ဆေးဝါး၊ ကိရိယာနှင့်အဆောက်အဦများကို ဖြည့်ဆည်းပေးနိုင်ရန်မှာ နိုင်ငံတကာ အကူအညီ အထောက်အပံ့များနှင့် ကုစားရနိုင်သော်လည်း ကျန်းမာရေးဝန်ထမ်းတို့၏ ခံယူချက်၊ ယုံကြည်ချက်များ အကောင်အထည်ပေါ်လာရန်မှာ ကျန်းမာရေးကဏ္ဍအတွက် အခက်အခဲဖြစ်နေသည်ဟုလည်း ဦးမြင့်ဆွေက ထောက်ပြပြောဆိုသည်။