မ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာအနီး အစိုးရ၏ စစ်တပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲ ငြိမ်းချမ်းနေ၍ မန်ပူးရွာမှ ထွက်ပြေးလာသည့် ဒေသခံများမှာ ဇူလိုင်လ ၂၈ရက်မှ စတင်ကာ နေရပ်သို့ ပြန်နေပြီဟု နမ့်ခမ်းမြို့မှ ယာယီဒုက္ခသည်စခန်းတာဝန်ခံ ဦးလျိုတေ့က မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်မှ စတင်၍ မန်ပူးကျေးရွာ ဒေသခံ ၈ဝဝ ကျော်မှာ နမ့်ခမ်းမြို့ပေါ်သို့ ထွက်ပြေးလာသဖြင့် ယာယီတဲများဖြင့် ခိုလှုံခဲ့ရသည်။ လက်ရှိတွင် ဒေသခံအချို့ နေရပ်ပြန်သွားကြသော်လည်း ကလေးနှင့် သက်ကြီးရွယ်အို ၆ဝ ခန့်မှာ ဆက်လက် ခိုလှုံနေဆဲဖြစ်သည်ဟု သူက မဇ္စျိမကို ပြောသည်။
“အကုန်လုံးက ၈ဝ၇ ဦးရှိတာ မနေ့က တချို့က အိမ်က ဆိုင်ကယ်နဲ့ ပြန်သွားတယ်။ တချို့က ကျွန်တော်တို့ ကားငှားပြီးတော့ သွားပို့ပေးတယ်။ တမန်နေ့က ပြန်စုံစမ်းကြည့်တော့ ရွာထဲမှာ မိုင်းတွေ ဘာတွေလည်း စစ်တပ်က ရှင်းပြီလို့ ပြောတယ်။ ဒါကြောင့် သူတို့ ပြန်သွားတာ”ဟု ဦးလျိုတေ့က ပြောသည်။
လက်ရှိ မန်ပူးကျေးရွာတွင်လည်း အစိုးရ၏ ခလရ ၁၄၃ တပ်ဖွဲ့များ အခြေချနေဆဲ ဖြစ်သော်လည်း ရွာသားများသည် လယ်ယာ စပါးများစိုက်ပျိုးရန် လိုအပ်နေခြင်းကြောင့်နှင့် ကျွဲ၊ နွား တိရစ္ဆာန်များနှင့် နေအိမ်များ လုံခြံုရေးလုပ်ဆောင်ရန် လိုအပ်နေသဖြင့် မိမိကျေးရွာများသို့ ပြန်သွားရခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့က မန်မူးကျေးရွာရှိ အလယ်တန်းကျောင်းတွင် အစိုးရစစ်တပ်က လက်နက်ကြီးများဖြင့် ပတ်ခတ်သဖြင့် စာသင်ကျောင်းများ ပရိဘောဂများ ပျက်ဆီးခဲ့၍ ယနေ့အချိန်ထိ ပြုပြင်နိုင်ခြင်း မရှိသေးဘဲ ကျောင်းပိတ်ထားရသည်။
ထွက်ပြေးတိမ်ရှောင်ခဲ့သည့် ဒုက္ခသည် ၈ဝ၇ဦးတွင် အသက် ၁၈ နှစ်အောက် အမျိုးသားများ ၁၅၇ ဦး၊ အမျိုးသမီး ၁၇၈ ဦး၊ အသက် ၁၈ နှစ်အထက် အမျိုးသား ၁၉၃ ဦးနှင့် အမျိုးသမီး ၂၇၉ ဦးရှိပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာအတွက် နမ်းခမ်းမြို့ခံ လူမှုအဖွဲ့အစည်းများ၊ တအောင်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့က ပံ့ပိုးပေး နေသည်ဟုဆိုသည်။
ဇူလိုင်လ ၁၉ ရက်နှင့် ၂ဝ ရက်နေ့က နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာနှင့် ပန်းခါးကျေးရွာအကြား အစိုးရ စစ်တပ်နှင့် TNLA တို့အကြား တိုက်ပွဲများဖြစ်ခဲ့ပြီး ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံ တစ်ဦးသေဆုံးခဲ့ကာ ၁ဝ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။
ဇူလိုင်လ ၂၈ရက် နှင့် ဇူလိုင်လ ၂၉ ရက်တို့တွင်မူ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက် စစ်တပ်များ နီးကပ်စွာ ရှိနေသဖြင့် တိုက်ပွဲက အချိန်မရွေး ဖြစ်ပွားလာနိုင်သေးသည် ဟု သူက ဆိုသည်။