အမုန်းပွားမှု လျှော့နည်းပပျောက်စေရန် “အမုန်းစကားကြောင့် အမုန်းမပွားစေဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ ” လှုပ်ရှားမှုနှင့် အသိပေးစတေကာ ကပ်ခြင်းကို သြဂုတ်လ ၅ ရက်တွင် အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် ရပ်ကွက်များအတွင်း ပြုလုပ်သွားမည်ဟု မေတ္တာကမ်ပိန်းမှ အထက်မြန်မာပြည်တာဝန်ခံ ဦးညီညီကျော်က မဇ္ဈိမကို ပြောသည်။
“အစ္စလာမ်ဘာသာဝင်အများစုနေ ထိုင်တဲ့ရပ်ကွက်တွေမှာ အစ္စလာမ်ဘာသာဝင် လူငယ်တွေနဲ့ လုပ်ဆောင်သွားမယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀ါကျွတ်အခါသမယမှာ လုပ်သွားမယ်” ဟု ဦးညီညီကျော်က ပြောသည်။
လူငယ်များ၏ စိတ်ထဲတွင် အမုန်းတရားများ မရှိစေဘဲ ချစ်ခင်ရင်းနှီးစွာဖြင့် စည်းစည်းလုံးလုံး နေထိုင်သွားစေရန် ရည်ရွယ်ပြီး လုပ်ဆောင်သည်ဟု ဆိုသည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် လူငယ်ထု၏ စိတ်တွင် မေတ္တာတရားများဖြစ်ပေါ်လာပြီး ညီရင်းအစ်ကို စိတ်မွေးမြူတတ်လာစေရန် ရည်ရွယ်သည်ဟု ဦးညီညီကျော်က ဆိုသည်။
မန္တလေးမြို့ခံ ဒေါက်တာ ဒေါ်မိုးမိုးအောင်က“မတူကွဲပြားမှုတွေကို အင်အားအဖြစ် အသုံးပြုရင် နိုင်ငံတော် တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမှာပါ။ အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရှိစေချင်တယ်။ လူငယ်တွေကြားမှာ အမုန်းပွားမှု လျော့နည်းပပျောက်စေချင်တယ်။ ဒါကြောင့် အခုလိုကမ်ပိန်းတွေ များများလုပ်ပေးစေချင်တယ်”ဟု မဇ္ဈိမကို ပြောသည်။
လူငယ်များသည် လက်ရှိအခြေအနေတွင် ထိလွယ်ရှလွယ်သဘောတွင်ရှိနေသောကြောင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန် ယင်းလှုပ်ရှားမှုကို ဆက်တိုက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ဗုဒ္ဓဘာသာဝင်နှင့် အခြားဘာသာဝင်များရှိ လူငယ်များကလည်း ရပ်ကွက်များအတွင်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။
အမုန်းစကားကြောင့် အမုန်းမပွားစေဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ စာသားများပါသော စတေကာများ ဖြန့်ဝေပေးသွားမည်ဟု ဆိုသည်။ အဆိုပါလှုပ်ရှားမှုကို မန္တလေးမြို့တွင် ဧပြီလမှစ၍ လူစည်ကားရာ နေရာများတွင် အကြိမ်ကြိမ်ပြုလုပ်ပြီးဖြစ်သည်ဟု ဆိုသည်။