အစိုးရတပ်မတော်နှင့် တိုက်ပွဲများဖြစ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ရှိ တာဖာဆောင်ဒေသကို ဆုတ်ခွာပေးတော့မည်မဟုတ်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်စိုင်းက ပြောသည်။ ဇူလိုင်၈ရက် နေပြည်တော်တွင် တွေ့ဆုံစဉ် အစိုးရက တပ်ဆုတ်ပေးရန် ပြောသည်ဟု ဆိုသည်။
“ဆုတ်ပါဆုတ်ပါလို့ပြောရင် ဦးသိန်းစိန်ရဲ့ သူလျှိုလားလို့ ပြောတယ်။ ငါတို့က အသက်ပေးပြီး တိုက်နေတာ မင်းတို့က ငြိမ်းချမ်းရေးဆွေးနွေးပြီး ဆုတ်ခိုင်းတာ မျှော်မှန်းချက်ပန်းတိုင်ကို ဖျက်ဆီးနေတာလားလို့ ပြောကြတယ်”ဟု ဗိုလ်မှူးကြီး ခွန်စိုင်းက ပြောသည်။
တာဖာဆောင်တံတား အနီး SSPP/SSA တပ်စခန်းကို ဇွန်လ၂၆ရက်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၂)မှ ခြေလျင်တပ်ရင်း၂၄၇ က လက်နက်ကြီးဖြင့် တိုက်ခိုက်ရာမှ တိုက်ပွဲများစတင်ခဲ့သည်ဟု ဇူလိုင်၁၈ ရက်စွဲ ဖြင့် SSA က ကြေညာသည်။
ကြေညာချက်ထုတ်ပြန်ပြီးနောက် ဇူလိုင်၂၀၊၂၁ရက်တို့တွင်လည်း ကျေးသီးမြို့နယ်၊ ဟာ့ဝမ်ကျေးရွာအုပ်စု နှင့် ပန်ဆယ်ကျေးရွာအုပ်စုတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် တာဖာဆောင်ဒေသခံများသည် ၂ မိုင် ခန့်ဝေးသော ၀မ်ဝပ်ရွာနှင့် နီးစပ်ရာကျေးရွာများတွင် ရှောင်တိမ်းနေကြရပြီး ၀မ့်ဝပ်ရွာ ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၆၃ ခုမှ လူပေါင်း၂၉၄ဦး ခိုလှုံနေကြရသည်။
ဇူလိုင်လ၂၁ရက်မှစတင်၍ တိုက်ပွဲများရပ်ဆိုင်းနေသော်လည်း နှစ်ဖက်တပ်များ နီးကပ်စွာတပ်စွဲထားပြီး တာဖာဆောင်ရွာကို ဇူလိုင်လ ၁၀ရက်ကျော်ကစတင်၍ ၀င်ထွက်ခွင့်ကို အစိုးရတပ်များက ပိတ်ဆို့ထားကြောင်း ကျေးသီးမြို့ရှိ၊ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ(ယာယီ) ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းလိုင်ခမ်းက ဆိုသည်။
SSP/SSA သည် ၂၀၁၂ခုနှစ် ဇူလိုင်လပထမအပတ်တွင် ၎င်းတပ်ဖွဲ့နယ်မြေဖြစ်သည့် ဟွေလွတ်၊ တောင်ဟီးရိုးနှင့် ခုနစ်မိုင်စခန်းတို့ကို အစိုးရတပ်မတော်က တိုက်ခိုက်သဖြင့် ထိုနယ်မြေမှ သုံးမိုင်အကွာအထိ ဆုတ်ခွာပေးခဲ့ရသည်ဟု SSPP က ဆိုသည်။ ၂၀၁၄ ခုနှစ်ကလည်း မိုင်းရှူးမြို့နယ် မိုင်းစံနှင့် ဟိုင်းပါကြား တာဆမ်းပူးနှင့် လွယ်ဆောင်ထောက်ဒေသတွင်လည်း တပ်မတော်က တိုက်ခိုက်သဖြင့် ဆုတ်ခွာခဲ့ရသည်ဟု SSPP က ပြောသည်။
ယင်းသို့တပ်များနေရာချထားမှုကြောင့် ဒေသခံတို့၏ ပြောင်းဖူးခင်း ၁၄၁ဒသမ၃၃ ဧက၊ မြေပဲခင်း ၃၄ ဒသ မ၆ဧကနှင့် စပါးခင်း ၁၂ဒသမရ ဧက ခန့်ပျက်စီးရသည်ဟု SSPP ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်း ပြည်တပ်မတော်သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ကို ၂၀၁၂ခုနှစ် ဇန်နဝါရီလ၂၈ရက်က တောင်ကြီးမြို့တွင် ရေးထိုးထားသည်။ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်၏ အတည်ပြုချက်ကိုမူ ရယူနိုင်ခြင်း မရှိခဲ့ပေ။