ပုဂ္ဂလိက မီဒီယာများနှင့် အစိုးရ တင်းမာမှု မြင့်နေချိန် ပြန်ကြားရေးဝန်ကြီးနုတ်ထွက်

ပုဂ္ဂလိက မီဒီယာများနှင့် အစိုးရ တင်းမာမှု မြင့်နေချိန် ပြန်ကြားရေးဝန်ကြီးနုတ်ထွက်
by -
မဇ္စျိမ

ယူနတီဂျာနယ်မှ သတင်းထောက်များနှင့် အမှုဆောင်အရာရှိချုပ်တို့ကို ထောင်ဆယ်နှစ် ချခြင်းနှင့် နောက်ဆက် တွဲပြဿနာများ ဖြစ်ပေါ်လာပြီး ပုဂ္ဂလိက မီဒီယာများနှင့် အစိုးရအကြား တင်းမာမှုများ မြင့်လာပြီးနောက် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည်။

ဇူလိုင် ၂၉ ရက် ည ၈ နာရီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းတွင် ပြန်ကြားရေးဝန်ကြီးကို ၎င်း၏ သဘောဆန္ဒအရ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ကြေညာလိုက်ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်လည်း အလားတူ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

"အများစုက မျှော်လင့်မထားတဲ့ကိစ္စပါ။ သူတို့အထဲမှာ ဝန်ကြီးအဖွဲ့တွေနဲ့ ကြံ့ဖွံ့ပါတီတို့ ကြားမှာလည်း တစ်ခုခု ရှိမယ်ထင်ပါတယ်" ဟု မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီမှ ဦးသီဟစောက ဆိုသည်။

ဝန်ကြီးဦးအောင်ကြည် နုတ်ထွက်မှုအပေါ် မည်သည့်အတွက်ကြောင့်ဟု တရားသေ သုံးသပ်မှု မပြုလုပ်နိုင် သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် မီဒီယာ နှင့် အစိုးရတင်းမာမှုများ နှင့် အစိုးရ၏ မီဒီယာအပေါ် ထိုးနှက်ချက်များအပေါ်၊ မြန်မာအစိုးရအား ပြည်တွင်းပြည်ပက ဝေဖန်မှုများနှင့် ကြံုတွေ့နေရချိန်ဖြစ်သည်။

ဦးအောင်ကြည်အနေနှင့် လက်ရှိဒသမအကြိမ်လွှတ်တော်အတွင်း အများပြည်သူ့ဝန်ဆောင်မှုဥပဒေကို အတည်ပြုနိုင်ရန် ကြိုးစားခဲ့သော်လည်း ပုဂ္ဂလိက မီဒီယာများက အပြင်းအထန် ကန့်ကွက်ခဲ့ပြီး သူရဦးရွှေမန်း ဦးဆောင်သည့် လွှတ်တော်ကလည်း ယခုအချိန်အထိ ဆုံးဖြတ်နိုင်ခြင်းမရှိသေးပေ။

"လက်ရှိ မီဒီယာလောကမှ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ချိတ်ဆက်ပြီး စဉ်းစားမယ် ဆိုရင်တော့ စဉ်းစားနိုင်ပါတယ်။ သူတို့အချင်းချင်းကြားမှာ ရှိနေတဲ့ ပြဿနာတွေ ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ဦးကျော်မင်းဆွေက ဆိုသည်။

လစ်လပ်သွားသော ပြန်ကြားရေးဝန်ကြီးနေရာတွင် လက်ရှိသမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေးဒုတိယဝန်ကြီးတစ်ဦးလည်းဖြစ်သူ ဦးရဲထွဋ်သည် ဝန်ကြီးဖြစ်နိုင်ချေရှိသည်ဟု ခန့်မှန်းပြောဆိုမှု များရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်နိုင်ငံသို့ ပညာသင်သွားခဲ့သည့် ဦးရဲထွဋ်အနေနှင့် ယနေ့ ဇူလိုင် ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီး ညနေ ၆ နာရီခန့်က နေပြည်တော်သို့ ထွက်ခွာနေပြီဖြစ်သည်ဟု ၎င်းင်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

"တစ်ခြားသူတွေထက် စာရင် ဦးရဲထွဋ်က ဖြစ်ဖို့ ပိုများပါတယ်" ဟု ဦးကျော်မင်းဆွေက ဆိုသည်။ ထို့ပြင် နောက်ထပ် ပြောင်းလဲလာမည့် ဝန်ကြီးသည် အဆိုးထက် အကောင်းဖက် ရောက်သည်ကိုသာ ပိုမိုလိုလားသည်ဟု ၎င်းက ဆိုသည်။

လက်ရှိနုတ်ထွက်သွားသည့် ဝန်ကြီး ဦးအောင်ကြည်သည် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်ဆွေးနွေးခဲ့သည့် ပထမဆုံးဝန်ကြီးဖြစ်ပြီး ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

ထို့နောက် အလုပ်သမားဝန်ကြီးဖြစ်ခဲ့ပြီး၊ ၂ဝ၁၂ ခုနှစ်တွင် ယခင်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား သမဝါယမဝန်ကြီးအဖြစ် တာဝန်ပြောင်းပေးပြီးနောက် ဦးအောင်ကြည်သည် ပြန်ကြားရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။

ယခုနုတ်ထွက်သွားသည့် ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်၏ နေရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနဝန်ကြီးဖြစ်သူ ဦးခင်ရီကို အစား ထိုး ခန့်အပ်သွားနိုင်ခြေရှိသည်ဟုလည်း သမ္မတရုံးနှင့် နီးစပ်သူအချို့က ယူဆထားကြသည်။

Most read this week