အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပုဇွန်တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇင်တင်သွင်း သော အချိုးကျကိုယ်စားပြုစနစ်(ပီအာရ်)အား ပြည်သူ့လွှတ်တော်တွင် ကျင့်သုံးရန်အဆိုအား ယနေ့တွင် ဒုတိယနေ့ ဆက်လက်ဆွေးနွေးရာ အတိုက်အခံဒီချုပ်ပါတီမှ အမတ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြ သော်လည်း တပ်မတော်သားအမတ်များက အချိန်ယူသင့်သည်ဟု ဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်က ဦးအောင်ဇင်က အဆိုကို တင်သွင်းခဲ့ပြီး ၂၅ ရက်တွင် အဆိုကို ထောက်ခံသူ တစ်လှည့်၊ကန့်ကွက်သူ တစ်လှည့်ဖြင့် ၁၀ ဦးဆွေးနွေးခဲ့ကာ ယနေ့ဒုတိယမြောက်နေ့အဖြစ် ထပ်မံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် ဆွေးနွေးသူ ၁၈ ဦးအနက် ဒီချုပ်ပါတီအမတ်ရှစ်ဦး၊ တပ်မတော်အမတ် သုံးဦးနှင့် ပြည်ခိုင်ဖြိုးအမတ် ခုနစ်ဦး စုစုပေါင်း ၁၈ ဦးဆွေးနွေးခဲ့ကာ အင်န်အယ်လ်ဒီပါတီမှ အမတ်တစ်ဦးအား ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်အား ကျော်၍ ပြောဆိုသောကြောင့် လွှတ်တော်ဥက္ကဋ္ဌက သတိပေးခဲ့သည်။
အဆိုကို ထောက်ခံဆွေးနွေးသူ ပြည်ခိုင်ဖြိုးအမတ်များက လက်ရှိ ကျင့်သုံးနေသည့် မဲအများဆုုံးရသူ အနိုင်ရသည့် စနစ်သည် ရှုံးသူကို ပိုရှုံးစေပြီး နိုင်သူကို ပိုနိုင်စေကြောင်း၊ ပီအာရ်စနစ်ကျင့်သုံးပါက တိုင်းရင်သားစည်းလုံးညီညွတ်ရေးကို ပို၍ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ပြင်လွှတ်တော်တွင်းသို့ ပါတီစုံ၊လူမျိုးစုံများ ပါ၀င်လာမည်ဟု ဆွေးနွေးခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီ၊ ပေါက်တောမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကျော်ဇံက“၂၀၁၅ မှာ ပီအာရ်စနစ် ကျင့်သုံးမယ်ဆိုရင် မဲပေးမှုတွေလည်း ပိုများလာပါမယ်”ဟု ဆွေးနွေးခဲ့သည်။
အင်န်အယ်လ်ဒီပါတီ၊ ပွင့်ဖြူ မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာအောင်မိုးညိုက ပြည်သူ့လွှတ်တော် ဥပဒေများတွင် အမတ်တစ်ဦးသည် အဆိုတင်သွင်းပါက ရှင်းလင်းပြတ်သား၍ တိကျစွာဖော်ပြရမည်ဟု ပြဋ္ဌာန်းထားသော်လည်း အဆိုရှင် ဦးအောင်ဇင်၏ အဆိုမှာ ရှင်းလင်းမှု မရှိဟု ဝေဖန်ခဲ့သည်။
၎င်းက “သူ (အဆိုုရှင်ပြောသွားတဲ့အထဲမှာ နိုင်တဲ့သူက ပိုနိုင်၊ ရှုံးတဲ့သူက ပိုရှုံးဆိုတာ ဘာကိုဆိုလိုမှန်း မသိပါဘူး။) တိုက်တွန်းတယ်ဆိုတာကလည်း ပြည်ထောင်စုအစိုးရကို တိုက်တွန်းတာလား လွှတ်တော်ကို တိုက်တွန်းတာလား၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒီလိုအဆိုတွေနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌကြီးက လက်မခံဘဲ ငြင်းပယ်ခွင့်ရှိပါတယ်”ဟု ဆွေးနွေးခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ဒေါက်တာအောင်မိုးညိုသည် လွှတ်တော်ဥက္ကဋ္ဌ၏ တာဝန် လုပ်ပိုင်ခွင့်များကို ဝေဖန်ထောက်ပြသွားသည်ကို တွေ့ရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဥပဒေ၊နည်းဥပဒေများကို ကျော်လွန်ပြီး သီးခြားတီထွင်ဆောင်ရွက်မထားကြောင်း ပြောကြားခဲ့သည်။
၎င်းက “အဲ့ဒီအတိုင်းပဲ အဆိုနဲ့ ပတ်သက်ပြီးတော့ စည်းကမ်းချက်များဆိုတဲ့ နေရာမှာလည်း ဒီစည်းကမ်းချက် တွေကို ဆုံးဖြတ်ပေးရမှာ ဥက္ကဋ္ဌပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်အလုပ် ကိုယ်လုပ်ပါ။ ကိုယ့်တာဝန် ကိုယ်ယူပါ။ဒါနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ကို အခုလို ဥက္ကဋ္ဌရဲ့ အလုပ်တွေကို မှန်ကန်စွာ ဝေဖန်တင်ပြမှုပြု တာမျိုး မဟုတ်ဘဲနဲ့ သိက္ခာကျအောင် လွှတ်တော်သိက္ခာကျအောင် ဆောင်ရွက်မှုမျိုးမဖြစ်ဖို့ ခုနင်က ဆွေးနွေးသွားတဲ့ ဒေါက်တာအောင်မိုးညိုကို သတိပေးတယ်”ဟု ပြောခဲ့သည်။
အင်န်အယ်လ်ဒီပါတီ၊ ကျောက်ပန်းတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာဇော်မြင့်မောင်ကလည်း နိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသည့် မဲအများဆုံးရသူ အနိုင်ရသည့် စနစ်ကြောင့် နိုင်ငံရေး မတည်ငြိမ်မှုဖြစ် ပွားသည်ဆိုသည်ကို မည်သည့် နိုင်ငံရေးပညာရှင်က ပြောနေပါသနည်းဟုု မေးခွန်းထုတ်လိုက်သည်။
“ပါလီမန်ခေတ်က ဒီမိုကရေစီဆုံးရှုံးသွားတယ်ဆိုတာ FTPT စနစ်ကြောင့် မဟုတ်ပါဘူး၊ အာဏာသိမ်းခဲ့လို့ ဖြစ်ပါတယ်။ အဲဒါကို လျစ်လျူရှုလို့ မရပါဘူး။ လျစ်လျူရှုဖို့ မသင့်ပါဘူး”ဟု ၎င်းက ထပ်ဆိုသည်။
တပ်မတော်သားအမတ် ဗိုလ်မှူးကြီး မြင့်ဟန်က ပီအာရ်စနစ်ကို ကျင့်သုံးမည်ဆိုပါက မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ တိိုင်းရင်းသားမျိုးနွယ်စုများ ကျယ်ပြန့်စွာနေထိုင်မှု၊ လူဦးရေအစိတ်အကျဲ စသည့် အချက်အလက်များ၊ ထို့ပြင် လက်ရှိကျင့်သုုံး ဖော်ဆောင်နေသည့် လွှတ်တော်ပုံသဏ္ဌာန်၊ အစိုးရပုံသဏ္ဌာန် အနေအထားတို့ကို ချိန်ထိုးဆန်းစစ်ကြည့်ကာ အခြေအနေနှင့် ကိုက်ညီခြင်း၊ ဆီလျော်ခြင်း၊ လိုက်လျောညီထွေခြင်း ဆိုသည့်အဖြေကို ရှာနိုင်မည်ဟု ထောက်ပြခဲ့သည်။
၎င်းက “ရွေးကောက်ပွဲပုံစံ ဒီဇိုင်းရဲ့ မလူးသာမလွန့်သာ အခြေအနေကနေ မဲဆန္ဒရှင်များရဲ့ ကိုယ်စားပြုမှုုကို ဦးစားပေးခြင်းနဲ့ အားထားလောက်တဲ့ အစိုးရအဖွဲ့ဆိုတဲ့ Accountability Governance ဆိုတဲ့ နှစ်ခုကြားမှာ တည်မှီနေတာကို လေ့လာ တွေ့ရှိရပါတယ်။ အဲဒီလို Deadlock အကျဉ်းကျအနေအထားက ရှောင်နိုင်ဖို့ မိမိတို့ တိကျသေချာတဲ့ ဆန်းစစ်မှုလုုပ်ဆောင်ရဦးမယ်”ဟုလည်း ပီအာရ်စနစ်၏မဲဆန္ဒရှင် ကိုယ်စားပြုမှုကို ဦးစားပေး ခြင်း၊မဲအများဆုံးရသူ အနိုင်ရသည့်စနစ်၏ အားထားလောက်သည့် အစိုးရအဖွဲ့ဆိုသည့် ၀ိရောဓိအပေါ် သုံးသပ်ပြခဲ့သည်။
ထို့ပြင် ပီအာရ်စနစ်တွင် ကိုယ်စားပြမှု မြင့်သည့်အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ဦးတည်ရကာ ပါတီများအကြား ရွေးကောက်ပွဲအပြီးတွင် အပေးအယူလုပ်ရကြောင်း၊ ညွန့်ပေါင်းအစိုးရများသည် တည်ဆဲဥပဒေများကို ပြောင်းရန်ပင် ပြောင်းနိုင်စွမ်းနည်းသည့်အတွက် ယနေ့ အိုင်စီတီ (သတင်းနှင့် နည်းပညာခေတ်၏အခွင့်အလမ်း များ)ကို ရယူရန်ခက်သည် ဟုလည်း ထပ်မံထောက်ပြခဲ့သည်။
၎င်းက “မိမိအနေနဲ့ နုနယ်သေးတဲ့ ဒီမိုကရေစီမှ ခိုင်မာတဲ့ခြေလှမ်းများနဲ့သာ ခရီးဆက်သင့်ပါတယ်”ဟုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။