နိုင်ငံတကာမှ လျှော်ပေးထားပြီး ဖြစ်သော်လည်း ပြည်ပ ကြွေးမြီ ဒေါ်လာ သန်းငါးထောင်ကျော် ကျန်ရှိ ဆဲဖြစ်

နိုင်ငံတကာမှ လျှော်ပေးထားပြီး ဖြစ်သော်လည်း ပြည်ပ ကြွေးမြီ ဒေါ်လာ သန်းငါးထောင်ကျော် ကျန်ရှိ ဆဲဖြစ်
by -
မဇ္စျိမ

မြန်မာ နိုင်ငံတွင် ပြည်ပကြွေးမြီ လက်ကျန် ပမာဏ ကန်ဒေါ်လာ သန်းငါးထောင်ကျော် ရှိနေဆဲ ဖြစ်ပြီး အတိုးနှုန်း လျှော့ချ ထားသည့် ကြွေးမြီသစ်အဖြစ် သတ်မှတ်သွားရန် နိုင်ငံ အသီးသီးသို့ ညှိနှိုင်း ထားခြင်း ဖြစ်သည် နိုင်ငံတော် သမ္မတ စီးပွားရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ ဇော်ဦးက မီဒီယာများကို ပြောသည်။

စစ်အစိုးရ လက်ထက်မှ ကျန်ရှိခဲ့သော ပြည်ပ ကြွှေးမြီ စုစုပေါင်း ၁၁ ဘီလီယံ အနက်မှ ပြင်သစ်ပဲရစ် ကလပ်၊ ဂျပန် ၊ နော်ဝေ၊ ဥရောပအုပ်စု အသီးသီးက ကြွေးမြီ ကန်ဒေါ်လာ ၆ ဘီလီယံ ကျော်ကို လျှော်ပစ် ပေးခဲ့ခြင်းကြောင့် လက်ကျန် ကြွေးမြီ ပမာဏ ကန်ဒေါ်လာ ငါးဘီလီယံကျော် ကျန်နေဆဲ ဖြစ်သည်ဟု ဇူလိုင် ၂၇ ရက်က ကုန်သည်/စက်မှု အသင်းချုပ် UMFCCI ရုံးတွင် မီဒီယာ များကို ပြောသည်။

ဒေါက်တာ ဇော်ဦးက “ ပြည်ပ အကြွေးပမာဏ အားလုံး ဆိုရင် ငါးဘီလီယံ ကျော်လောက် ရှိဦးမယ်။ ဒါကို အကြွေးသစ် ပုံစံနဲ့ နှစ်ရှည် ဆပ်ခွင့် ရအောင်လည်း ညှိနှိုင်းထားပြီး ဖြစ်တဲ့ အတွက် အကြွေးဝန် ပိနေတဲ့ အခြေ အနေကို မရောက်နိုင် တော့ဘူး။ ဒီအတွက်တော့ စိတ်ပူစရာ မလိုတော့ ပါဘူး ” ဟု ပြောသည်။

ကြွေးမြီသစ် အဖြစ် သတ်မှတ် လိုက်သော ကြွေးမြီ များကိုမူ အတိုး တစ်ရာခိုင်နှုန်း ဝန်းကျင်ဖြင့် ထားရှိကာ ၁၅ နှစ်တာ နှစ်ရှည် ပေးဆပ်ခွင့် ရရေး ညှိနှိုင်းထားခြင်း ဖြစ်ပြီး ဂျပန် နိုင်ငံ၏ ကြွေးမြီမှာ ပမာဏ အများဆုံး ကျန်ရှိ နေဆဲ ဖြစ်သည်ဟု ဒေါက်တာ ဇော်ဦးက ဆက်လက် ပြောသည်။

သိုရာတွင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များအတွက် အသုံးပြုရန် ပြည်ပမှ ချေးငွေများ ထပ်မံရရှိ ရေးမှာ  ပြည်တွင်း စီးပွားရေး လုပ်ငန်း များ၏ လုပ်ငန်း လည်ပတ်မှု လွယ်ကူရေး အတွက် ပြောင်းလဲ မှုများ လုပ်ကိုင် နိုင်မှုကို နိုင်ငံတကာမှ လက်ခံလာသည် အထိ ဆောင်ရွက်ပြနိုင်ရန် လိုအပ် နေလျက် ရှိသည်ဟု ဆိုသည်။

ဒေါက်တာ ဇော်ဦးက “တရုတ်က လွဲပြီး ကျန်တဲ့ နိုင်ငံတွေ ကတော့ ချေးငွေ ချေးတဲ့ နေရာမှာ ပြည်တွင်း စီးပွားရေး လုပ်ကိုင်မှုဟာ ရေရှည်ကို ဘယ်လောက် အထိ ဦးတည် နိုင်လဲ ဆိုတာကို ကြည့်တာ ဖြစ်တဲ့ အတွက် အခု ပြုပြင် ပြောင်းလဲမှု တွေကို ယုံကြည်တဲ့ အထိ အားကောင်း လာအောင် လုပ်သွား ရမှာပါ။ ချေးငွေ ပြန်ယူလို့ ရတဲ့ အနေအထား တစ်ခုတော့ ဖြစ်လာနေ ပါပြီ” ဟု ပြောသည်။

မြန်မာ နိုင်ငံ အနေဖြင့် ပြည်တွင်း စီးပွားရေး ပြုပြင် ပြောင်းလဲမှု များကို အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အပြင် အခြားသော ဖွံ့ဖြိုးရေး လုပ်ငန်းရှင် များအတွက် ပြည်ပ ချေးငွေများ ထပ်မံ ရယူနိုင်ရန် ဂျပန်၊ တရုတ် နိုင်ငံတို့နှင့် ညှိနှိုင်း ဆောင်ရွက် နေလျက် ရှိသည်။

အစိုးရသစ်လက်ထက် တာဝန်ယူခဲ့ပြီးနောက်ပိုင်းတွင် ပြင်သစ်ပဲရစ်ကလပ်က ကန်ဒေါ်လာ ၅ ဒသမ ၉၂၅ ဘီလီယံ ၊ နော်ဝေနိုင်ငံမှ ကန်ဒေါ်လာ ၅၈၅သန်း ၊ ဒိန်းမတ်နိုင်မှ ဒေါ်လာ ၅၂ သန်း နှင့် ဂျပန်နိုင်ငံမှ ၃ ဒသမ ၅ ဘီလီယံကျော်တို့အား အသီးသီးလျှော်ပစ်ပေးခဲ့ကြသည်။

Most read this week