MSF အကူအညီများမမျှတပါက ရခိုင်ပြည်နယ် အစိုးရတာဝန်ယူမည်

MSF အကူအညီများမမျှတပါက ရခိုင်ပြည်နယ် အစိုးရတာဝန်ယူမည်
by -
မဇ္စျိမ

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြန်လည်လုပ်ဆောင် ရန် နယ်စည်းမထား ဆရာဝန်များအဖွဲ့MSF ၏ အကူအညီပေးရေးလုပ်ငန်းများ မျှတမှုမရှိပါက တာဝန်ယူ ဖြေရှင်းပေးမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက ပြောသည်။

ပြန်လည်ဝင်ရောက်လာရန် အစိုးရ၏ ဖိတ်ခေါ်ထားမှုကြောင့် ရခိုင်ဒေသခံများက ကန့်ကွက်မှုများ ပြုလုပ်ကြရန် ဆုံးဖြတ်ထားချိန်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“သူတို့ မမျှတတာတွေ မလုပ်ဖို့ အစိုးရက ထိန်းညှိပေးမယ်။ လုပ်လာရင်ကျွန်တော်တို့က ဖြေရှင်းပေးမယ်”ဟု ဦးမောင်မောင်အုန်းက မဇ္ဈိမကို ပြောသည်။

၀န်ကြီးချုပ်ဦးမောင်မောင်အုန်းသည်MSF ပြန်လည်ဝင်ရောက်လာရေးနှင့်ပတ်သက်သည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇူလိုင် ၂၆ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သေးသည်။

ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့က MSF အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ပူးပေါင်းပါ၀င်ကြရန် ဇူလိုင်လ ၂၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားပြီးသည်။

“ရခိုင်လူထုက ကန့်ကွက်ထားတာကို ရခိုင်ပြည်နယ် အစိုးရက ပြန်လည်ကြိုဆိုတယ်ဆိုတော့ ပြည်နယ်အစိုးရက ပြည်သူကို ကိုယ်စားမပြုဘူးဆိုတာ ထင်ရှားနေပါတယ်”ဟု အရေးပေါ်ညှိနှိုင်းရေးအဖွဲ့ECC တွင်ပါ၀င်သူ ဦးသန်းထွန်းက ပြောသည်။

MSF က ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့၏ဖိတ်ခေါ်ချက်ကို စောင့်ကြည့်ဦးမည်ဟု ထုတ်ပြန်ထားသည်။

“ယခုကဲ့သို့ တိုးတက်ဖြစ်ပေါ်လာမှုအပေါ် MSF ကအကောင်းဘက်က ရှုမြင်သော်လည်း စောင့်ကြည့်ဆဲဖြစ်ပါ သည်”ဟု အမ်စတာမြို့ရှိ MSF စီမံကိန်းညွှန်ကြားရေးမှူးချုပ် မာဆယ်လန်းဂန်းဘတ်ခ်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“လူသားချင်းစာနာသော အဖွဲ့အစည်းများအား အနှောင်အဖွဲ့ကင်းစွာ ဆောင်ရွက်နိုင်ရန် အစိုးရက ပံ့ပိုးမှုသည် လူထုတို့ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် အလွန်အရေးပါသော အချက်ဖြစ်သည်ဟု ယုံကြည်ပါသည်” ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ရခိုင်ဒေသခံများက ဇူလိုင်၂၉ ရက် နောက်ဆုံးထားပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်သွားရန် အစည်းအဝေး တစ်ရပ်ပြုလုပ်၍ ဆုံးဖြတ်ထားသည်။ ရခိုင်ပြည်နယ် မောင်တောမြို့ဒုချရား တန်းဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၂၀ ဦးကို ဆေးကုပေးရသည်ဟု MSF ၏ သတင်းထုတ်ပြန်မှု ကို ရခိုင်လူထု မကျေနပ်၍ ဖေဖော်ဝါရီလက ဆန္ဒပြခဲ့သည်။

Most read this week