မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများရှိလာသည့် လိုင်ဇာအနီးရှိ ဂျေယန်းခ ဒုက္ခသည်စခန်းမှ တောင်စောင်းတွင် နေထိုင်ကြသည့် အိမ်ခြေ ၁၀၀ ကျော် မှာ ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့ရတော့မည်ဟု စခန်းတာဝန်ခံ ဦးဆိုင်းဘွမ်းဝိုင်းဒူက ပြောသည်။
၂၀၁၁ ဇွန်လအတွင်းက စတင်တည်ထောင်ထားသော အဆိုပါဒုက္ခသည် စခန်းတွင် စုစုပေါင်းအိမ်ခြေ ၁,၆ ၁၉လုံး နှင့် လူဦးရေ ၈,၈၈၅ ဦး စစ်ဘေးရှောင်ကာ ခိုလှုံနေကြရပြီး ၎င်းတို့အနက်တောင်စောင်းနှင့် ပေနှစ်ခန့် အကွာတွင် ဆောက်ထားသည့် အိမ်ခြေ ၁၂၃ လုံးကို တောင်စောင်းနှင့်ဝေးသည့် မြေလွတ်သို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။
“မိုးရွာ၊ မြေပြို၊ ရေကြီး၊ လူ့အသက်ဆုံးနဲ့ လောလောဆယ်တော့ ကျွန်တော်တို့ တောင်ခြေနဲ့နီးတဲ့အိမ်တွေ၊ မိသားစုတွေကို လုံခြံုတဲ့နေရာမှာ ပြန်ရွှေ့ထားမှာပါ” ဟု ဦးဆိုင်းဘွမ်းဝိုင်းဒူက ပြောသည်။
ယခုလ ၂၂ ရက်၊ နံနက် ၈ နာရီကျော်က မြေပြိုခဲ့၍ အဆိုပါဒုက္ခသည်စခန်းရှိ အိမ်တစ်လုံးမှ လူငါးဦးသေဆုံး ခဲ့ရသည်။ နောက်တစ်ရက်အကြာတွင်လည်း ထပ်မံမြေပြိုခဲ့သေးသော်လည်း အိမ်နှစ်လုံးအကြားတွင် ပြိုခဲ့သောကြောင့် အထိအခိုက်ပျက်စီးမှု မရှိခဲ့ပေ။
“မြေပြိုတဲ့ကိစ္စက၂၀၁၁ ခုနှစ်ကစပြီး သုံးနှစ်အတွင်းမှာ ဒီလိုမျိုး မြေပြိုတယ်ဆိုတာ တစ်ခါမှလည်း မဖြစ်ခဲ့ဖူးဘူး။ ရှိလည်း မရှိခဲ့ဘူး”ဟု စခန်းမှကော်မတီဝင်ဦးမခေါ်တန်ဂွန်းက ရှင်းပြသည်။ အဆိုပါ မြေပြိုသော တောင်စောင်းရှိ မြေအမျိုးအစားမှာ နုံးမြေဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းပါက မြေကြီးများ ပြိုကျလာခြင်းဖြစ်သည်။ ယခုနှစ်တွင် ယခင်နှစ်များထက် မိုးရာသွန်းမှု ပိုများသည်ဟုလည်း စခန်းတွင် နေထိုင်သူများက ဆိုသည်။
“တောင်စောင်းမှာနေတဲ့သူတွေလည်း အားလုံးစိုးရိမ်လို့ ကျွန်တော်တို့လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရွှေ့ခိုင်းလိုက်တာ။ နောက်လည်း ပြန်မဖြစ်ဘူးဆိုတာ မပြောနိုင်ဘူးလေ”ဟု မဇ္ဈိမကို ပြောသည်။
ပြောင်းရွှေ့ရမည့် အိမ်ခြေ ၁၂၃ လုံး တွင် လူဦးရေ ၄၂၇ ဦး ခိုလှုံလျက်ရှိနေပြီး တောင်စောင်းနှင့်ဝေးရာတွင် မိုးကာတဲများဖြင့် ပြန်လည်နေထိုင်ကြရမည်ဖြစ်သည်။
မပြောင်းရွှေ့ရသည့် အိမ်ခြေအချို့မှာလည်း “အိမ်တွေကျတော့ တော်တော်လေးကို ယိုယွင်းနေပြီ။ လိုအပ်ချက် တွေ အများကြီးရှိတယ်”ဟု ဦးဆိုင်းဘွမ်းဝိုင်းဒူက မှတ်ချက်ပြုသည်။
လူမနေသည့်တောင်ခြေ အချို့တွင် အနည်းဆုံး ၁၀ နေရာခန့် မြေပြိုကျမှုဖြစ်ခဲ့သည်ကို မဇ္ဈိမကမျက်မြင် တွေ့ခဲ့သည်။