နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၏ အကူအညီကို ရယူပြီး ဖြေရှင်းမှသာ ရခိုင်ပြည်နယ် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နိုင်မည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားလိုက်သည်။
နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ တစ်ခုဖြစ်သော နယ်စည်းမထားဆရာဝန်များအဖွဲ့ကို ဒေသခံများက ကန့်ကွက်နေခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က စစ်တွေမြို့ စေတနာမိုးခန်းမတွင် ဇူလိုင် ၂၆ရက်က စစ်တွေလူထုနှင့် တွေ့ဆုံပြီး နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များကို လက်ခံရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
“ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေ ပြန်လည်ထူထောင်ဖို့၊ ဖွံ့ဖြိုးမှုအားနည်းတဲ့ ကျေးရွာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီယူရမှာဖြစ်ပါတယ်”ဟု ဦးမောင်မောင်အုန်းက မဇ္စျိမကိုပြောသည်။
“နှစ်ဖက်အဖွဲ့အစည်းကို မျှမျှတတ ဆက်ဆံဖို့တော့ ကျွန်တော်တို့က ထိန်းညှိပေးရမှာပေါ့”ဟုလည်း သူက ဆိုသည်။
ဇူလိုင် ၂၄ ရက်က နိုင်ငံပိုင်သတင်းစာများတွင်လည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ(Action Plan) ကို နိုင်ငံတော်အဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် MSF အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများကိုလည်း ပူးပေါင်းပါ၀င်ရန် ဖိတ်ခေါ်ထားခဲ့သည်။
“NGO တွေကို ကျွန်တော်တို့က ငြင်းပယ်နေတာမဟုတ်ဘူး မမျှတမှုကိုသာ ကန့်ကွက်နေတာ”ဟု ရခိုင်ပြည်နယ် ရှေ့နေချုပ်လည်းဖြစ်၊ ရခိုင်မြို့မိမြို့ဖ တစ်ဦးလည်းဖြစ်သူ ဦးဦးသာပွင့်က မဇ္စျိမကိုပြောသည်။
MSF ရုံးခန်းကို ရခိုင်ပြည်နယ်တွင် ပြန်လည် ဖွင့်လှစ်ရန်နှင့် လုပ်ငန်းများ အပြည့်အဝ ပြန်လည်စတင်ရန် အစိုးရက ခွင့်ပြုခဲ့ပြီးဖြစ်သည်။
မတ်လ ၂၆ နှင့် ၂၇ ရက်များက ရခိုင်ပြည်နယ် ဒေသခံများက စစ်တွေမြို့တွင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ၏ ရုံးခန်းများကို ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည်။