ကချင်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် စစ်ပြေးရှောင်ဒုက္ခသည် စခန်းများတွင် အမိုးအကာများ လုံလောက်မှု မရှိသဖြင့် လူဦးရေ ၅၀၀ နေထိုင်သည့် စခန်းတစ်ခုလျှင် ၆၀ဦးမှာ ဆေးခန်းသို့ နေ့စဉ်သွားနေရ သည်ဟု စခန်းများအား ထောက်ပ့ံ ကူညီပေးနေသည့် ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ဖြစ်သည့် ဂရုဏာအသင်းမှ ကိုနော်ဒင့်က မဇ္စျိမကို ပြောသည်။
ကိုနော်ဒင့်က “ ညနေဆို ဆေးခန်းလာတဲ့ သူတွေက စခန်းတစ်ခုကို အယောက် ၆၀ နဲ့ ရ၀ ကြားမှာ ရှိတယ်၊ ဆရာဝန်ရယ်လို့ စခန်းတွေမှာ မရှိဘူး၊ ကျေးလက်ဒေသကျန်းမာရေးမှူး အဆင့်တွေနဲ့ သူနာပြုတွေပဲ ရှိတယ်"ဟု ပြောသည်။
ဖျားနာအများစုမှာ အေးမိခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေသန့်ရှင်းမှု မရှိကာ ၀မ်းပျက်ဝမ်းလျော ဖြစ်ခြင်း၊ ငှက်ဖျားရောဂါများ ပြန်လည်ဖြစ်ပွားခြင်းများ ဖြစ်နေသည်ဟု ဆိုသည်။
ဒုက္ခသည်များမှာ ယာယီတဲများဖြင့် နေထိုင်နေကြရပြီး မိုးသည်းထန်လွန်းသဖြင့် တဲများမှာ မိုးဒဏ်မခံနိုင်ဘဲ ပြိုသွားခြင်း၊ အမိုးအကာမရှိတော့ခြင်းများ ဖြစ်နေသဖြင့် စခန်းများတွင် အမိုးအကာများ လိုအပ်သည်မှာ အရေးပေါ် အခြေအနေဖြစ်နေသည်ဟုလည်း ဆိုသည်။
ထို့ပြင် တောင်စောင်းများတွင် ဆောက်ထားသည့် ကာဂျယ်နှင့် ခါ့ဂျယ် အမည်ရှိသည့် ဒုက္ခသည်စခန်းနှစ်ခု မှာလည်း မြေပြိုမှုများ ဖြစ်နေသဖြင့် စိုးရိမ်နေရသည်ဟု ဆိုသည်။ ထိုစခန်းနှစ်ခုတွင် လူဦးရေ ၁၆၀၀ နှင့် ၃၄၀ ဦးရေ နေထိုင်နေသည်ဟု ဆိုသည်။
ကိုနော်ဒင့်က “ ရွှေ့ပြောင်းဖို့နဲ့ အမိုးအကာတွေက အမြန်အရေးပေါ်ကို လိုနေတယ်။ လမ်းတွေကလည်း တောက်လျှောက် မကောင်းဘူး၊ ဖျားနာတဲ့ သူတွေကိုလည်း လုံခြံုရာ မပို့နိုင်ဘူး၊ အစားအသောက်က ဆန်၊ ဆီ၊ ပဲ၊ ဆားပဲ ပေးထားတယ်"ဟု ဆိုသည်။
စခန်း တစ်ခုတွင် လူဦးရေ ၅၀၀ ၀န်းကျင်ခန့် ရှိပြီး စခန်းကြီးဖြစ်သည့် မန်ဝိုင်းကြီးစစ်ပြေးရှောင်စခန်းတွင် ခိုလှုံနေသူမှာ ဦးရေ ၅၀၀၀ ကျော် ရှိသည်။ထိုစခန်းများကို ဂရုဏာအသင်းမှ ကူညီထောက်ပံ့ ပေးမှုများ ပြုလုပ်နေသည့် မန်စီ-ဗန်းမော် ၊ မိုးကောင်း ၊ မန်ဝိုင်းကြီး မြို့နယ်များရှိ စစ်ပြေးရှောင်စခန်းများကို ပြောဆိုခြင်းသာဖြစ်သည်။ ကချင်ပြည်နယ်တွင်းရှိမြို့အသီးသီးတွင် စစ်ပြေးရှောင် ဒုက္ခသည် တစ်သိန်းကျော် ရှိသည်။