ကုလားတန် စီမံကိန်းတွင် ပါ၀င်မည့် ဆိပ်ကမ်းနှစ်ခုကို ၂၀၁၅ အပြီးဆောက်မည်

ကုလားတန် စီမံကိန်းတွင် ပါ၀င်မည့် ဆိပ်ကမ်းနှစ်ခုကို ၂၀၁၅ အပြီးဆောက်မည်
by -
မဇ္စျိမ

ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင်ပါ၀င်မည့် ရခိုင်ပြည်နယ်၊ စစ်တွေနှင့် ချင်းပြည်နယ် ပလက်ဝကြားရှိ ဆိပ်ကမ်းများကို ၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်နိုင်မည်ဖြစ်သည်ဟု ရခိုင်ပြည်နယ်ဆောက်လုပ်ရေး ၀န်ကြီး ဦးလှဟန်က မဇ္ဈိမကို ပြောသည်။

ကုလားတန်မြစ်ကြောင်းစီမံကိန်းသည် မြန်မာနှင့် အိန္ဒိယနိုင်ငံကြားကုန်သွယ်ရေး လမ်းကြောင်းသစ်ဖြစ် လာမည့်စီမံကိန်းဖြစ်ပြီး စစ်တွေနှင့် ပလက်ဝကြားရှိ ဆိပ်ခံတံတားများမှာ ယင်းစီမံကိန်းတွင် အရေးပါသည့် ဆိပ်ကမ်းများဖြစ်လာမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် ကုလားတန်ဆိပ်ကမ်းတည်ဆောက်မှုကို ချင်းပြည်နယ်၊ ပလက်ဝမြို့မှ တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Kaladan Movement

“ကုလားတန်စီမံကိန်းကတော့ ကြာဦးမယ်။ ဆိပ်ကမ်းတွေကတော့၂၀၁၅ မှာ ပြီးနိုင်မယ်လို့ မျှော်လင့်တယ်”ဟု ဦးလှဟန် က ပြောသည်။

လက်ရှိတွင် စစ်တွေဆိပ်ကမ်းကိုတည်ဆောက်ဆဲအခြေအနေဖြစ်ပြီး အပြီးသတ်နိုင်ခြင်းမရှိသေးဟု ဆိုသည်။ ပလက်ဝဆိပ်ကမ်း စီမံကိန်းကိုမူ စတင်တည်ဆောက်နေဆဲဖြစ်သည်။

“စီမံကိန်း အကောင်အထည်ပေါ်ရင်တော့ အိန္ဒိယဘက်ကို စီးပွားရေးလမ်းကြောင်းတစ်ခု ဖြစ်လာမှာပေ့ါ။ ဒါပေမဲ့ ဆောက်နေတာ သုံးနှစ်ကျော်ပြီ ဘာမှဖြစ်လာတာ မတွေ့သေးဘူး”ဟု ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းအောင်က မဇ္ဈိမကို ပြောသည်။ လက်ရှိတွင် အိန္ဒိယကုမ္ပဏီများက ဆောက်လုပ်လျက်ရှိသည်ဟု ဦးသက်ထွန်းအောင်က ပြောသည်။

“ရခိုင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်တွေသာမက ပြည်မက စီးပွားရေးလုပ်ငန်းရှင်တွေပါ အကျိုးဖြစ် မယ် လို့ မျှော်မှန်းထားတယ်။ ဒါပေမဲ့ အစိုးရချင်းချုပ်ဆိုထားတဲ့ စာချုပ်မှာတော့ ဘယ်လိုအချက်တွေပါ သလဲဆိုတာ မသိရပါဘူး”ဟု စစ်တွေဒေသခံ ဦးခိုင်ကောင်းစံက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း၍ ကျောက်ဖြူ-ကူမင်းရထားလမ်း စီမံကိန်းကို လည်း အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက် ရှိသည်။

Most read this week