လိုင်ဇာအနီး ဂျေးယန်း ဒုက္ခသည်စခန်းမြေပြို၍ လူ ၅ ဦးသေဆုံး

လိုင်ဇာအနီး ဂျေးယန်း ဒုက္ခသည်စခန်းမြေပြို၍ လူ ၅ ဦးသေဆုံး
by -
မဇ္စျိမ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျေယန်းဒုက္ခသည်စခန်းတွင် ဇူလိုင်လ ၂၂ ရက် နံနက် ၈ နာရီကျော်က မြေပြိုခဲ့၍ အိမ်တစ်လုံးမှ လူ ၅ ဦး သေဆုံးခဲ့သည်ဟု ဒုက္ခသည်စခန်း တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လိုင်ဇာမြို့မှ ရ မိုင်ခန့် အကွာအဝေးရှိ ဂျေယန်းဒုက္ခသည်စခန်း ၆ အေ ရပ်ကွက်မှ မိသားစု ၂ ခု စုပေါင်း နေထိုင်သော နေအိမ်တလုံးပေါ် မြေပြို၍ နံနက်စာ စားနေသည့် မိသားစု နှစ်စုမှ လူ ၅ ဦးလုံး သေဆုံးခဲ့ခြင်း ဖြစ်သည်။

“မနေ့ကတည်းက မိုးရွာတာ မိုးအရမ်းကြီးတာ တောင်တွေက သစ်ပင်တွေ သိပ်မပေါက်ဘူးဆိုတော့ မြေပြိုလို့ ဆုံးသွားတယ်။ မြေပြိုတာနဲ့ ချက်ချင်းတော့ ထုတ်ယူတယ်။ ဒါပေမဲ့ မြေပိတာ များသွားလို့ အသက်မကယ်နိုင်တော့ဘူး”ဟု ဂျေယန်း ဒုက္ခသည်စခန်းမှ ကျန်းမာရေးမှူး ဆရာတူးဂျာက မဇ္စျိမကို ပြောသည်။

မြေပြိုပြီး အသက်ဆုံးပါးသူများသည် ဒေါ်မခေါ်ရွယ်(အသက် ၅၆နှစ်)၊ မောင်လဖန် လတောင်( အသက် ၁၅နှစ်)၊ မောင်လဖန် တူးရိန်(အသက် ၁၃ နှစ်)တို့ မိသားစု တစုနှင့် ဒေါ်လထော်ဘောက်မိုင် (အသက် ၃၅နှစ်)နှင့် ၄နှစ်အရွယ် သားဖြစ်သူ ဂျန်မော်နော်လတ်တို့ သေဆုံးခဲ့သည်။

အဆိုပါ ဒုက္ခသည်များသည် ၂ဝ၁၁ ခုနှစ်က ပေါင်ဇေကျေးရွာနှင့် ဂျာအိန်ယန်ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်လာသူများ ဖြစ်သည်ဟု ဆရာတူးဂျာက ဆိုသည်။

စစ်ပြေးဒုက္ခအများဆုံး ခိုလှုံနေသော ဂျေယန်းဒုက္ခသည်စခန်းတွင် လူပေါင်း ၈ဝဝဝ ကျော် နေထိုင်နေပြီး မိုးသည်း ထန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KIO ၏ ဒုက္ခသည်များ စောင့်ရှောင်ရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆာက မဇ္စျိမကို ပြောသည်။

၂ဝ၁၁ ခုနှစ် ဇွန်လမှ စတင်ကာ အစိုးရနှင့် ကေအိုင်အိုစစ်တပ်တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ဒုက္ခသည်ပေါင်း ၈ဝ,ဝဝဝ ကျော် ရှိနေပြီ ဖြစ်ကြောင်း ဦးဒွဲပီဆာက ပြောသည်။

သေဆုံးသွားသူများကို ဂျေယန်းဒုက္ခသည်စခန်း ခန်းမတွင် ထားရှိပြီး ဇူလိုင်လ ၂၂ ရက် ညနေပိုင်းတွင် သဂြိုလ်မည်ဟု သိရသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း နေ့စဉ် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ဂျေယန်းချောင်းသည်လည်း ရေကြီးနေဆဲ ဖြစ်၍ စိုးရိမ်မှုများ ရှိနေသည်ဟု သိရသည်။

ကချင်ပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတို့တွင် မြေပြိုရန် အလားအလာများသဖြင့် သတိပြုရန် လိုအပ်ကြောင်း နာဆာဂြိလ်တု တိုင်းတာချက် ရလာဒ်များကို ကိုးကား၍ မိုး/ဇလပညာရှင် ဒေါက်တာထွန်းလွင်က ဇူလိုင်လ ၂ဝရက်က ပြောထားသေးသည်။

Most read this week