ကလေးမြို့၊ တာဟန်းရဲကင်းမှ ဒု-ရဲအုပ် ကျဲအိုဒင်မွိုင်း၏ လိုင်းခန်းနေအိမ်တွင်းသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က ဇူလိုင်လ(၁၇)ရက်၊ ည(၈)နာရီခွဲခန့်တွင် ဝင်ရောက်ရှာဖွေရာ တရားမဝင်ကိုင်ဆောင်သည့် ပစ္စတိုတစ်လက်နှင့် ကျည်ဆံ အတောင့်(၃ဝ)ကိုဖမ်ဆီးရမိခဲ့ကြောင်းသိရသည်။
“ဒု-ရဲအုပ်ကျဲအိုဒင်မွိုင်းကို စစ်ဆေးတော့ ဖမ်းမိတဲ့ သက်သေခံ ပစ္စတိုသေနတ်နဲ့ ကျည်အတောင့်(၃ဝ)ကို လွန်ခဲ့တဲ့ ခုနှစ်လလောက်က ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးနိုထန်ကပ်က အပ်နှံထားခဲ့တယ်လို့ထွက် ဆိုပါတယ်။ ကလေးမြို့မှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ချင်းရေးရာဝန်ကြီးရုံး အပေါ်ထပ်မှာ ဝန်ကြီးနဲ့နှစ်ဦးတည်း တွေ့ပြီး ဝန်ကြီးက ခေတ္တသိမ်းဆည်းထားဖို့ အပ်နှံထားတာလို့ စစ်ဆေးပေါ်ပေါက် ပါတယ်”ဟု ကလေးမြို့နယ် ရဲစခန်းက တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းထွက်ဆိုချက်အပေါ် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ်က အခြေအမြစ်မရှိသည့် ပြောဆိုချက်ဖြစ်ပြီး ဝန်ကြီးတစ်ဦးနှင့် ပက်သက်မှုရှိက လွတ်မြောက်နိုင်သည်ဟု အထင်ဖြင့် ပြောဆိုခြင်းသာဖြစ်သည်ဟု ဆိုသည်။
"အခုလိုပြောဆိုတာက သည်းမခံနိုင်စရာပါပဲ။ သူ့အနေနဲ့ ဝန်ကြီးတစ်ဦးဦး နာမည်သုံးလိုက်ရင် လွတ်နိုင်မယ် ထင်လို့ ပြောတာပါ။ အဲ့လိုမဟုတ်ဘဲ ကျွန်တော့ကိုပါ စွဲထည့်တာဆိုရင်တော့ ကျွန်တော်တရားစွဲမှာပါ သူ့ကို။ ဒါနာမည်အလွဲ သုံးစားလုပ်တာပဲ။ ကျွန်တော့မှာသာ လက်နက်ရှိရင် ကျွန်တော့ဆီမှာပဲထားမှာပေါ့။ သူ့ဆီထားမလား စဉ်းစားကြည့်ပါ"ဟု ဦးနိုထန်ကပ်က ပြောသည်။
ဒု-ရဲအုပ် ကျဲအိုဒင်မွိုင်းသည် ယခင်က ချင်းတိုင်းရင်သားဝန်ကြီးဦးနိုထန်ကပ်၏ လမ်းကြောင်းအချို့တွင် လုံခြံုရေးဝန်ထမ်းအဖြစ် လိုက်ပါခဲ့ဖူးသူလည်းဖြစ်သည်။
သက်သေခံအဖြစ် ဖမ်းဆီးရမိသော ပစ္စတိုသေနတ်မှာ PZ 27251 နံပါတ်ပါ (BERETTA) USA နိုင်ငံလုပ်ဖြစ်ပြီး၊ ကျဉ်ဆံအတောင်(၃ဝ)မှာ 7.65 BR 11 SB တံဆိပ်ပါရှိသည်။
တရားမဝင် လက်နက်ကိုင်ဆောင်ထားသူ ဒု-ရဲအုပ် ကျဲအိုဒင်မွိုင်းကိုအရေး ယူပေးပါရန် ကလေးမြို့နယ်ရဲတပ်ဖွဲ့ မှူးရုံး ဒု-ရဲအုပ်လှသိန်း၏ တရားလိုပြုတိုင် တန်းချက်ကို ကလေးမြို့မရဲစခန်းက(ပ) ၃၈၄/၂ဝ၁၄၊ လက်နက် ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိသည်။
တရားခံ၏ ထွက်ဆိုချက်မှန်ကန်ပါက ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး အနေဖြင့်လက်နက်ကိုင်ဆောင် ခွင့် ရှိ၊မရှိ သိလိုကြောင်း၊ အကယ်၍ အုပ်ချုပ်ရေးဌာနမှ ဝန်ကြီးတစ်ဦးအနေဖြင့် လက်နက်ကိုင်ဆောင်ခွင့်မရှိဘဲ လက်နက်ကိုင်ဆောင်ပါက ဥပဒေအရ မည်သို့ဆက်လက် အရေးယူမည်ကို စောင့်ကြည့်လိုကြောင်း၊ ဝန်ကြီးအဆင့် အစိုးရဝန်ထမ်းဖြစ်၍ ထိရောက်စွာ အရေးယူမှုမရှိပါက တရားဥပဒေစိုးမိုးမှု ရှိမည် မဟုတ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုလျက်ရှိသည်။