ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် အစိုးရတပ်မတော်တို့ စစ်ရေး လှုပ်ရှားမှု အပြိုင်အဆိုင်ပြုလုပ်နေခြင်း အမြန်ဆုံးရပ်တန့်ရန် စည်လုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာ မိတ်အဖွဲ့ (UNA) က ဇူလိုင် ၁၆ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA)လှုပ်ရှားနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မှိုင်းရှူးမြို့နယ်နှင့် တန်ယန်းမြို့နယ်များ ထဲသို့ အစိုးရတပ်မတော်မှ အင်အား ထောင်ချီဝင်ရောက် တပ်စွဲခြင်း၊ နှစ်ဘက်တပ်များ စစ်ရေးလှုပ်ရှားမှု အပြိုင်အဆိုင် ပြုလုပ်နေခြင်းတို့ကြောင့် လွန်ခဲ့သည့် ဇွန်လ ၂၆ရက်မှ စတင်ပြီး ယခုတိုင် စစ်ရေးတင်းမာမှုများ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိ ကြောင်း ထုတ်ပြန်ထားသည်။
စည်လုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့မှ သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင်က“ ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ဖို့အတွက် ယုံကြည်မှုကို တည်ဆောက်ရမယ့် ကာလမျိုးမှာ ဒီလိုစစ်ရေးတင်းမာမှု၊ တိုက်ပွဲတွေ ဖြစ်လာတာမျိုး မဖြစ်စေချင်ဘူး။ မဖြစ်ဖို့အတွက် တိုက်တွန်းတာပါ”ဟု ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဒေသခံတို့မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ကျေးသီးမြို့နယ် ဝမ်ဝပ်အုပ်စု တာ့ဖာဆောင်ရွာနေပြည်သူတို့မှာ အိုးအိမ်၊ကျွဲ၊ နွားများ စွန့်ပစ်ကာ နှစ်မိုင်အကွာရှိ ဝမ်ဝပ် ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်ကြရခြင်း၊ ရပ်ရွာစာသင်ကျောင်းများတွင် တပ်မတော်သားများ စခန်းချ တပ်စွဲထားခြင်း နှင့် လုံခြံုမှုကင်းမဲ့နေခြင်း၊ သီးနှံစိုက်ခင်းများနှင့် သိုလှောင် ထားသည့်မျိုးစေ့များ ဖျက်ဆီးခံရခြင်း၊ တစ်နှစ်စာ ဝမ်းရေးအတွက် အားထားရသည့် လယ်ယာများကို ထွန်ယက်စိုက်ပျိုးမှု မပြုနိုင်ခြင်း စသည်တို့ကြောင့် ဒေသခံပြည်သူများမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက် နစ်နာ နေကြရသည်ဟု ဖော်ပြထားသည်။