ထားဝယ်မြို့နယ်ရှိ မြေယာအလျော်မယူသည့် တောင်သူ ၁၉ ဦးအား ထားဝယ်တရားရုံး အမိန့်ချ

ထားဝယ်မြို့နယ်ရှိ မြေယာအလျော်မယူသည့် တောင်သူ ၁၉ ဦးအား ထားဝယ်တရားရုံး အမိန့်ချ
by -
မဇ္စျိမ

ထားဝယ်မြို့နယ်တွင် မြေယာအလျော်မယူသည့် တောင်သူ ၁၉ဦးကို ထောင်ဒဏ် နှင့်ငွေဒဏ် အသီးသီး ထားဝယ်မြို့နယ်တရားရုံးက ဇူလိုင် ၁၆ရက်တွင် အမိန့်ချမှတ်လိုက်သည်ဟု လယ်သမား မရွှေဇင်ယုက မဇ္စျိမကို ပြောသည်။

လယ်သမား ၁၉ ဦး အနက် အမျိုးသား ၁ဝ ဦးကို ထောင်ဒဏ် ၃ လမှ ၉ လခွဲအထိ အသီးသီး ချမှတ်လိုက်ပြီး အမျိုးသမီး ၉ ဦးကို ငွေဒဏ် တစ်သောင်းကျပ် ချမှတ်လိုက်သည်။ လယ်သမား ဦးဂျွန်လွင်ကို ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ၃၅၃၊ ရိုက်နှက်မှု ပုဒ်မ (၃၂၃)၊ ဆဲဆိုမှု ပုဒ်မ(၂၉၄)တို့ဖြင့် ထောင်ဒဏ်၉လ နှင့် ၁၅ရက်၊ လယ်သမား ဦးသောင်းညွန့်ကို ပုဒ်မ(၃၅၃)၊(၂၉၄)ဖြင့် ထောင်ဒဏ်၆လ၊ လယ်သမားအရေးဆောင် ရွက်သူ ကိုထွန်းထွန်းဝင်း အပါအဝင် လယ်သမား၈ဦးအား ပုဒ်မ(၂၉၄)အရ ထောင်ဒဏ်၃လ ချမှတ်ခဲ့သည်။

"ကျွန်မတို့ကို လုံးဝလုပ်ကြံခံရတာပါ။ စွပ်စွဲခံရတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်ဘူး။ ခရိုင်တရားရုံးကို တက်တိုင်းမယ်။ မရရတဲ့နည်းနဲ့ အယူခံဝင်သွားမယ်'' မရွှေဇင်ယုက ပြောသည်။

ထားဝယ်မြို့ မြော်ကင်းလမ်းရှိ လယ်သမား အယောက်၅ဝခန့် လုပ်ကိုင်နေသော လယ်မြေဧက ၃ဝဝတွင် S-22ဆောက်လုပ်ရေးကုမ္ပဏီနှင့် မြို့နယ်မြေတိုင်းဦးစီးဌာနက တာဝန်ရှိသူများက ပေ၄ဝ×၆ဝ မြေကွက်များ မေ ၁ရက်က လာရောက်ရိုက်မှုရာမှ အငြင်းပွားမှု စတင်ခဲ့သည်။

လယ်သမားများ၏ လယ်မြေများကို အစိုးရက သိမ်းဆည်းထားပြီး လယ်မြေဧက ၃ဧကလျင် ပေ၄ဝx ပေ၆ဝ အကွက်တစ်ကွက် ပြန်လည်ပေးလျောက်ခြင်း ဖြစ်သည်။ ယင်းသို့ ပေးလျော်မှုကို လယ်သမားများက လက်မခံ၍ အငြင်းပွားမှုဖြစ်ခဲ့သည်။

ယင်းနောက် လယ်သမားများနှင့် ဒေသအာဏာပိုင်များ၊ ကုမ္ပဏီတာဝန်ရှိသူများ ဇွန်လ ၃ရက် နံနက် ၈နာရီတွင် လယ်သမားများကို ထိန်းသိမ်းခဲ့သည်။ ထိန်းသိမ်းခံ လယ်သမားများသည် ထိုနေ့ ညနေ ၄နာရီခွဲတွင် ကိုယ်တိုင်ခံဝန်ဖြင့် ပြန်လွတ်လာသည်ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

အဆိုပါလယ်မြေများတွင် လုပ်ကိုင်နေသည့် လယ်သမားများသည် လယ်ခွန်ပြေစာများဖြင့် နှစ်စဉ် အခွန်ဆောင်၍ လုပ်ကိုင်နေကြပြီး၊ ၂ဝ၁၃ခုနှစ်တွင် လယ်ယာမှတ်ပုံအသစ် တင်မည်ဟု မြေစာရင်းဌာနသို့ သွားရောက်မှတ်ပုံတင်မှသာ မိမိတို့လယ်မြေများကို ၁၉၉ဝခုနှစ်က ကတည်းက သိမ်းဆည်းထားကို သိရှိခဲ့ရသည်ဟု လယ်သမားများက ဆိုသည်။

Most read this week