မဟာသန်္တိသုခကျောင်းတိုက် ကိစ္စနှင့် ပတ်သက်ပြီး အမှုရင်ဆိုင်နေရသည့် လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါးက မဟာသံဃနာယက အဖွဲ့ (မဟန)ကို တရားစွဲဆိုရန် ဇူလိုင် ၁၆ ရက်က ဗဟန်းမြို့နယ် တရားရုံးသို့ တင်ပြခဲ့သော်လည်း မြို့နယ်တရားသူကြီးက ပယ်ချလိုက်သည်ဟု ဆရာတော် ဦးဥတ္တရက မီဒီယာများကို မိန့်သည်။
ယင်းကဲ့သို့ တရားစွဲဆိုခြင်းမှာ မတရားဖမ်းဆီးခံရသည့် သံဃာတော်များကိုယ်စား တရားစွဲဆိုခြင်းဖြစ်သည်ဟု ဦးဥတ္တရ ဇူလိုင် ၁၆ ရက် ညပိုင်းတွင် မဇ္ဈိမကို မိန့်ကြားလိုက်ပြီး မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း၊ သွားလာမရအောင် တားဆီးထားခဲ့ခြင်းများအတွက် ပြန်လည်တရားစွဲဆိုခြင်း ဖြစ်သည်ဟုလည်း မိန့်သည်။
ဦးဥတ္တရက“ဘုန်းကြီးတို့ကိုအရေးယူတုန်းကလဲ သံဃာငါးသိန်းကိုယ်စားအပြစ် ပေးရပါတယ်လို့ပြောခဲ့ တယ်။ အခုလဲဘုန်းကြီးက မတရားလုပ်ခံနေရတဲ့ သံဃာငါးသိန်းကိုယ်စား တရားစွဲတာပါ”ဟု ဆိုသည်။
ဗဟန်းမြို့နယ်တရားရုံးက ယင်းဆရာတော်ငါးပါး၏ အမှုကို တာမွေမြို့နယ် တရားရုံးက ကိုင်တွယ်နေ၍ အ မှုလက်မခံရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု အကြောင်းပြကြောင်းလည်း ဆရာတော်ဦးဥတ္တရက မိန့်သည်။
သို့သော် အမှုရင်ဆိုင်နေရသည့် သံဃာများကမူ တိုင်း၊ ခရိုင်၊ ဗဟိုအထိ အဆင့်ဆင့် ဆက်လက်တင်ပြကာ ဥပဒေကြောင်းအရ လုပ်ဆောင်သွားမည်ဟု မိန့်သည်။
တရားစွဲဆိုရာတွင် မဟနဥက္ကဋ္ဌ၊ အလှည့်ကျသံဃာ များ၊ မဟန တတိယအဖွဲ့ခွဲမှ သံဃာတော် ၁၅ ပါးအပါအဝင် ရန်ကုန်တိုင်းသံဃနာယက၊ မဟာသန္တိသုခ ကျောင်း၏ သင်တန်းမှူးဆရာတော်တို့ကို တရားစွဲဆိုမည် ဖြစ်သည်။
ဆရာတော် ဦးဥတ္တရက“မတရားချုပ်နှောင်ထားတာရယ်၊ မတရား တားဆီးကန့်သတ်ခဲ့တာကို အမှုနှစ်ခုဖွင့် တရားစွဲဆိုမှာပါ။ ဗဟန်းမြို့နယ်တရားရုံးမှာ ဘာလို့တရားစွဲလဲဆိုရင် ရန်ကုန်သံဃနာယက အဖွဲ့တည်ရှိတဲ့ နေရာလည်း ဖြစ်တယ်။ ဘုန်းကြီးတို့ကို ရဲအစောင့်အရှောက်တွေနဲ့ ချုပ်နှောင်ထားတာ တိုင်းသံဃနာယက ရုံးဝင်းထဲက ဓမ္မာရုံမှာဖြစ်တဲ့အတွက် ဗဟန်းမြို့နယ်တရားရုံးမှာလာရောက် တရားစွဲတာပါ”ဟု မိန့်သည်။
ယင်းသို့ တရားစွဲဆိုခြင်းသည် မဟာသန္တိသုခကျောင်းတိုက် အငြင်းပွားမှုပြဿနာနှင့် သက်ဆိုင်ခြင်းမရှိကြောင်း လည်းဆရာတော်က မိန့်ကြားသည်။
ယင်းကဲ့သို့ တရားစွဲဆိုမှုကို ပယ်ချလိုက်ပြီးနောက် မည်ကဲ့သို့ ဆက် လက်လုပ်ကိုင်ရမည်ကို ဆုံးဖြတ်ချက် မချရသေးကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ် တော်ရှေ့နေ ဦးသန်းထွန်းအောင်က မဇ္ဈိမကို ပြောသည်။
၎င်းက“တစ်ဖက်အဖွဲ့စည်းကလည်း အင်အားကြီးတော့ဘာဆက်လုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ ဆရာတော်နဲ့ ကျွန်တော်တို့ ဥပဒေရှေ့နေအဖွဲ့တိုင်ပင်ဆွေးနွေးရဦးမယ်”ဟု ပြောသည်။
ပိုင်ဆိုင်မှုအငြင်းပွားမှု ပြဿနာများကြောင့် တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်ည ၁၁နာရီခန့်က သံဃာတော်အပါး ၃၀၀ နီးပါး ဖြင့်ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးကို ဖမ်းဆီးကာ လူဝတ်လဲ၍ အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ဇွန်လ ၁၁ ရက်တွင်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ဖမ်းဆီးထားသော သံဃာတော်ငါးပါးကို သံဃာပိုင်ကျောင်းတိုက်အား ကျူးကျော်သည် ဟုဆိုတာသံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ အမှတ် ၂၀/၉၀နှင့် သာသနာညှိးနွမ်းစေမှုပုဒ်မ-၂၉၅(က)တို့ သာသနာရေးဝန်ကြီးဦးစီးဌာန မဟာသံဃနာယကအဖွဲ့မှ သာသနာရေးဝန်ကြီးဌာန က တရားစွဲဆိုခဲ့ သည်။
ထို့နောက် သံဃာငါးပါးကို ဇွန်လ ၂၀ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ ရုံးတင် တရားစွဲခဲ့ပြီး ထိုနေ့မှာပင် ကျပ်သိန်း ၁,၀၀၀ ဖြင့် အာမခံပေးခဲ့သည်။ အာမခံရ ပြီးနောက် သုံးထပ်ကျောင်းတွင် သင်္ကန်း ပြန်လည် စည်းခဲ့သည်။
ယင်းနောက် ဒုတိယအကြိမ်အဖြစ် တာမွေမြို့နယ် တရားရုံးတွင်ပင် ဇွန် ၂၇ ရက်က ရုံးချိန်းပြုလုပ်ခဲ့သည်။ တတိယ အကြိမ်အဖြစ် ဇူလိုင် ၄ ရက်တွင် ရုံးချိန်း ပြုလုပ်ခဲ့သည်။လာမည့် ဇူလိုင် ၁၈ ရက်တွင် တရားရုံးသို့ ထပ်မံ၍ စတုတ္ထအကြိမ်ရုံးချိန်းသွားရောက်ရမည်ဖြစ်သည်။ ထိုကိစ္စများနှင့်ဆက်နွယ်ကာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အပါအဝင်တာဝန်ရှိသူများကို ဖမ်းဆီးစစ်ဆေးနေသော်လည်းတရားစွဲဆို သည့်အကြောင်း အရာကိုမသိရသေးပေ။
ယခုကိစ္စကို မဟာသံဃနာယကအဖွဲ့ဝင်များအား အကြိမ်ကြိမ် ဖုန်းဆက်မေးမြန်းသော်လည်း အဆက်အ သွယ်မရခဲ့ပေ။အမှုရင်ဆိုင်နေရသော သံဃာတော်ငါးပါးမှာ လန်ဒန်ဆရာတော် ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦး တေဇိန္န၊ ဦးသုန္နာသီရိနှင့် ဦးနန္ဒိယတို့ ဖြစ်သည်။