ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ဆွဲကြိုးချ ပျံလွန်

ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ဆွဲကြိုးချ ပျံလွန်
by -
မဇ္စျိမ

ကျောင်းထိုင် ဘုန်းတော်ကြီးတစ်ပါး မိမိကိုယ်ကို ဆွဲကြိုးချ၍ ပျံလွန်တော်မူသွားခဲ့သည်ဟု ထောက်ကြံ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဇော်ဆိုသူက တင်းတိန်ရံနယ်မြေ ရဲစခန်းမှူး ရဲအုပ်ဌေးဝင်းထံ ဖုန်းဖြင့်ဆက်သွယ်၍ အကြောင်းကြားခဲ့သည်ဟု ရဲအုပ်ဌေးဝင်းက ဆိုသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ အောင်ကဲဇင့်ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာတွင် ဇူလိုင် ၁၅ ရက်၊ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် တင်းတိန်ရံနယ်မြေရဲစခန်းမှူး ရဲအုပ်ဌေးဝင်းနှင့်အဖွဲ့သည် အခင်းဖြစ်ရာအရပ်သို့ သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

စစ်ဆေးချက်များအရ ပျံလွန်တော်မူသည့် ဆရာတော်မှာ ရေပြာကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဥူးစန်္ဒာသီရိ သက်တော်(၅၈)နှစ်၊ သိက္ခာတော်(၃၈) ၀ါဖြစ်သည်ကို တွေ့ရှိရသည်။

ဆရာတော်မှာ အဆိုပါ ကျောင်းတိုက်၏ အနောက်တောင်ဘက် ဇရပ်အဆောင် ထုပ်တန်းတွင် အလျား ၁၁ တောင်ရှိ အဖြူ ရောင်ချည်ကြိုးကို အသုံးပြုကာ အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်။

ဆရာတော်၏ ကိုယ်ခန္ဓာပေါ်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမှ မတွေ့ရှိကြောင်း အမှုစစ်ဆေးရေး ရဲတပ် ဖွဲ့ဝင်များက မှတ်ချက်ပြုထားသည်။

ထို့နောက် ဆရာတော်အား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေး ဆောင်ရွက်နိုင်ရန် တင်းတိန် ရံနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/ ၂၀၁၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိသည်။

Most read this week