မြန်မာသတင်းပညာသိပ္ပံ သင်တန်းကျောင်းဖွင့်လှစ် ပြင်သစ်က ကန်ဒေါ်လာ ရှစ်သိန်းကူညီမည်

မြန်မာသတင်းပညာသိပ္ပံ သင်တန်းကျောင်းဖွင့်လှစ် ပြင်သစ်က ကန်ဒေါ်လာ ရှစ်သိန်းကူညီမည်
by -
မဇ္စျိမ

မြန်မာသတင်းပညာသိပ္ပံ(Myanmar Journalism Institute -MJI) ကို ရန်ကုန် မြို့၊ လမ်းမတော်မြို့နယ်ရှိ ပုဂံအိိမ်ရာ၊ အခန်း ၁၀၂ တွင် ဇူလိုင် ၁၄ရက်က ဖွင့်လှစ်လိုက်ရာ အဆိုပါ Institute ကို နိုင်ငံတကာမှ ကူညီပံ့ပိုးပေးမှုများရှိပြီး ပြင်သစ်နိုင်ငံက အမေရိကန်ဒေါ်လာ ရှစ်သိန်းပံ့ပိုးကူညီမည်ဟု ပြင်သစ်သံအမတ် Mr. Thierry Mathou က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် သတင်းစာပညာများ သင်ယူနိုင်မည့် Myanmar Journalism Institute ကို တွေ့ရစဉ်။ ဓာတ်ပုံ-ဘိုဘို

ယင်းကဲ့သို့ ပြင်သစ်နိုင်ငံက ကူညီပံ့ပိုးမှုသည် နှစ်နှစ်ကာလအတွက်ဖြစ်ပြီး သင်တန်းများတွင် ပေးအပ်မည့် ပညာသင်ဆု နှင့် အခြားသတင်းမီဒီယာစွမ်းရည်မြှင့် သင်တန်းများအတွက် အဆိုပါငွေကြေး ပေးအပ်မည်ဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ကျင့်ဝတ်များနှင့်ဥပဒေများ ပြဋ္ဌာန်းရန် ပြင််သစ်နိုင်ငံက မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတည်းက လက်မှတ်ရေးထိုးထားသည်ဟုလည်း သံအမတ်က ပြောသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြင်သစ်သံအမတ် Mr. Thierry Mathou က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်းထောက်များ ထောင်ဒဏ်ကျခံရခြင်းအတွက် စိုးရိမ်ပူပန်မိသည်ဟုလည်း ဆိုလိုက်သည်။

၎င်းက “လွတ်လပ်စွာပြောဆိုခွင့်က အဓိကအချက်ပဲ။ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထောက်ခံအားပေး တယ်။ပြင်သစ်နိုင်ငံက နောင်လဲထောက်ခံအားပေးမယ်။ သတင်းထောက်တွေ အခုလိုမျိုးဖြစ်တာကို စိုးရိမ်ပူပန်မှုဖြစ်တယ်” ဟု ပြောသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဂျာမနီနိုင်ငံသံအမတ်လည်း တက်ရောက်ပြီး မြန်မာနိုင်ငံတွင် သတင်းလွတ်လပ် ခွင့်နှင့် သတင်းမီဒီယာလောကသားများ ပြုပြင်ပြောင်းလဲမှုအတွက် အကြံ ဉဏ်များပေးသွားမည်ဖြစ်ကာ သတင်းမီဒီယာတွင် တိကျသည့် ဥပဒေပြဋ္ဌာန်းရန်နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာများအတွက် လုပ်ဆောင်ရန် ပံ့ပိုးသွားမည်ဟု ဂျာမနီသံအမတ် Mr. Christian- Ludwig Weber Lortsch က ပြောသည်။

ဂျာမနီသံအမတ်က လက်ရှိ ပြည်တွင်းသတင်းထောက်များ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍လည်း “သတင်း အချက်အလက်စီးဆင်းမှုမှာ လွတ်လပ်စွာ ပြောဆိုခွင့်က အရေးကြီးတယ်။ မြန်မာနိုင်ငံရဲ့မိတ်ဆွေတစ်ဦး အနေနဲ့ ပြောချင်တာက အခုရက်ပိုင်းအတွင်း သတင်းထောက်တွေ ထောင်ချခံရတဲ့အဖြစ်တွေကို တုန်လှုပ်မိတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်လို့ အဖမ်းခံရတာကို တုန်လှုပ်မိတယ်” ဟု ဆိုသည်။

ယင်းအပြင် ၎င်းက လွတ်လပ်သည့် မီဒီယာဆိုသည်မှာ လူများအတွက် အခြေခံအခွင့်အရေးဖြစ်ပြီး ကျင့်ဝတ်လိုက်နာသော သတင်းမီဒီယာနှင့် အမည်မဖော်သည့် အွန်လိုင်းသတင်းမီဒီယာသည်ကွာခြားမှုရှိ သည်ဟု လည်းဆိုသည်။

အဆိုပါသင်တန်းတွင် သတင်းစာပညာကျင့်ဝတ်၊ လက်တွေ့သတင်းလိုက်ခြင်း၊ ပြည်တွင်းသတင်းထောက် များ၏ အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာများကို အဓိကထား သင်ကြားပေးမည်ဖြစ်သည်ဟု MJI ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌ ဦးသီဟစောက ဆိုသည်။

၎င်းက“ဒီသင်တန်းက ကျင့်ဝတ်ကို ကျည်ကာ အကျႌသဖွယ်ဖြစ်အောင် သင်ပေးမှာပါ။ ဖြစ်တော့မှပဲ ကျင့်ဝတ်ဆိုတာ ဘာလဲဆိုတာဖြစ်မှပဲ လေ့လာမှာမဟုတ်ဘဲနဲ့ ကြိုတင်ကာကွယ်လို့ရအောင် သင်ပေးမှာဖြစ် ပါတယ်” ဟု ဆိုသည်။

ဇူလိုင် ၁၄ ရက်တွင် အဆိုပါသင်တန်းကို စတင်ဖွင့်လှစ်ပြီး သင်တန်းသားဦးရေ ၁၅ ဦးဖြစ်ကာပထမဆုံးအ ကြိမ် အတွက် သင်တန်းကြေးကို အပြည့်အဝပညာသင်ဆုပေးမည်ဖြစ်ကာ သင်တန်းကြေးမှာ တစ်နှစ်လျှင် ရှစ်သိန်းဖြစ်သည်။