အရပ်သားနှစ်ဦးကို လက်ထိပ်ခတ် ထိုးကြိတ်ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် လေး ဦးကို စတင်စစ်ဆေးနေ ပြီဖြစ်သည်ဟု ပြည်မြို့၊ အမှတ်(၁)ရဲစခန်း စခန်းမှူး ရဲအုပ် မျိုးဝင်းက မဇ္ဈိမကို ပြောသည်။
ယင်းအမှုကို ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ ညွှန်ကြားချက်အရ ရဲအုပ် ဇော်မျိုးမြင့်ဦး ခေါင်းဆောင်သော အရာရှိ သုံးဦး ပါ၀င်သည့် ခုံရုံးအဖွဲ့က စစ်ဆေးနေခြင်း ဖြစ်သည်။
“ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ စစ်ဆေးနေပြီ။ ဖြစ်စဉ်မှာပါတဲ့သူတွေနဲ့ မျက်မြင်သက်သေတွေ အားလုံးကို ခေါ် မေးတယ်””ဟု အမှတ်(၁)စခန်းမှူး ရဲအုပ် မျိုးဝင်းက ဆိုသည်။
ဇူလိုင် ၉ ရက်က အမှတ်(၁)ရဲစခန်းမှ ဒု-တပ်ကြပ် မျိုးကိုကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်လေးဦးသည် ပေါင်းတည်-ပြည် ဒိုင်နာကားမောင်း ကိုကျော်စိုးနှင့် ညီဖြစ်သူ ကိုစည်သူအောင်တို့ကို လက်ထိပ်ခတ်ထိုး ကြိတ်ခဲ့သည်ဟု ကာယကံရှင်များက ပြောဆိုထားသည်။
ထို့အပြင် ဓာတ်ပုံဝင်ရိုက်သူ တစ်ဦး၏ ဖုန်းကင်မရာကိုလည်း ကိုင်ပေါက်ရိုက်ခွဲခဲ့သည်ဟု မျက်မြင်သက် သေများက ပြောသည်။
ဖြစ်စဉ်တွင်ကိုကျော်စိုးမှာ လက်သီးဖြင့် အချက်နှစ်ဆယ်ကျော် အထိုးခံရပြီး နှာခေါင်းနှင့်ပါးစပ်တို့မှ သွေးကျ ခြင်း မျက်လုံးဖူးယောင်ခြင်း စသည့်ဒဏ်ရာများရရှိကာ ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရသည်။
သို့သော် စခန်းမှူး ရဲအုပ်မျိုးဝင်းက ရဲ စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရအရေးယူမည်ဟုပြောသဖြင့် အမှုဖွင့်တိုင်တန်းခြင်း မလုပ်ခဲ့ဟု ကိုကျော်စိုးက မဇ္ဈိမကို ပြောဆိုထားသည်။