ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ပြေးရှောင်ဦးရေ တစ်ပတ်အတွင်း ၂ဝဝ ကျော် ရောက်ရှိလာ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ပြေးရှောင်ဦးရေ တစ်ပတ်အတွင်း ၂ဝဝ ကျော် ရောက်ရှိလာ
by -
မဇ္စျိမ

အစိုးရတပ်မတော်နှင့် ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များအကြား မပြေလည်မှုများကြောင့် ဒေသခံ ဦးရေ ၂ဝဝ ကျော် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ရှမ်းပြည်နယ်၊ စစ်ပြေးရှောင်စခန်းများတွင် ကူညီထောက်ပံ့မှုများ ပြုနေသူ မေတ္တာအသင်းမှ ဒါရိုက်တာ ကိုဆိုင်းဆောင်ခမ်းက မဇ္စျိမကို ပြောသည်။

စစ်ပြေးရှောင်လာကြသူများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် တစ်ဝိုက်မှ ဇူလိုင်လ ၅ ရက်မှ စတင်ကာ ရောက်ရှိလာသည်ဟု ဆိုသည်။ လက်ရှိတွင် တောင်ကြီးမြို့ အနီးတစ်ဝိုက်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ကျေးသီးမြိုနယ်၊ ဝမ့်ဝပ်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာရှိ ဝမ့်ဝပ်ဘုန်းကြီးကျောင်း တို့တွင် ခိုလှုံနေရသည်ဟု ဒေသခံ ကျားဖြူပါတီဝင် ကျေးသီးမြို့ခံ တစ်ဦးက ပြောသည်။

minz

“တစ်ရက်တစ်ရက် လူ ၄၊ ၅ ယောက် တိုးတိုးလာတာ။ ဒီနေ့တော့ ၂ဝဝ နည်းနည်းကျော်ပြီ။ သူတို့က ဖာဆောင်ရွာက နေလာတာ။ အဲဒီမှာက SSPP တပ်နဲ့ အစိုးရစစ်တပ်နဲ့ နီးကပ်နေတာ အစိုးရစစ်တပ်က စခန်းလာချတော့ သူတို့ မနေရဲလို့ သူတို့တက်နေကြ ဘုန်းကြီးကျောင်းမှာ လာပြီး နေနေကြတယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။

ဇူလိုင်လ ၁ဝ ရက်က စစ်ပြေးဒုက္ခသည်များအတွက် ကျေးသီးမြို့နယ်ရှိ ခရိုင်စီမံကိန်း၊ ရဲမှူး၊ ရှမ်းပြည် အစိုးရအဖွဲ့များ လာရောက် ကြည့်ရှုကာ ဆန်၊ ဆီ၊ ဆားများ လာရောက် လှူဒါန်းခဲ့ပြီး ယခင်ရက်ကလည်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပါတီများဖြစ်သည့် ကျားဖြူ၊ ကျားခေါင်း စသည့် နိုင်ငံရေးပါတီများလည်း လာရောက် ထောက်ပံ့ပေးခဲ့ကြောင်း သူက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မေလ အတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒုက္ခသည် ၅ဝဝကျော်မှာလည်း စစ်ပြေးရှောင် စခန်းများတွင် ခိုလှုံလျက်ရှိသည်။

ရှမ်းမြောက်ဘက်မှ ဒုက္ခသည်များကို ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တစ်ဆင့် ထောက်ပံ့မှုများ ပြုလုပ် နေသော်လည်း ရှမ်းပြည်တောင်ပိုင်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များကိုမူ ထောက်ပံ့နိုင်ခြင်း မရှိသေးဟု လူမှုအဖွဲ့ အစည်းများက ဆိုသည်။

ရှမ်းမြောက်ပိုင်းဒေသတွင် ခိုလှုံနေသည့် ဒုက္ခသည်များမှာ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းနယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားရာမှထွက်ပြေးတိမ်း ရှောင် လာသည့် ဒုက္ခသည်များ ဖြစ်သည်။

Most read this week