မီဒီယာလွတ်လပ်ခွင့် အမြင့်ဆုံးဟု သမ္မတဆိုသော်လည်း လက်တွေ့လွတ်လပ်ခွင့် ဆုံးရှုံးဆဲဖြစ်

မီဒီယာလွတ်လပ်ခွင့် အမြင့်ဆုံးဟု သမ္မတဆိုသော်လည်း လက်တွေ့လွတ်လပ်ခွင့် ဆုံးရှုံးဆဲဖြစ်
by -
မဇ္စျိမ

သမ္မတပြောသည့် အရှေ့တောင်အာရှတွင် မီဒီယာလွတ်လပ်မှု အမြင့်ဆုံးနိုင်ငံများတွင် မြန်မာပါ၀င်သည် ဟုဆိုသော်လည်း မြန်မာ့မီဒီယာလွတ်လပ်ခွင့်သည် ယနေ့တိုင် ဆုံးရှုံးနေဆဲဖြစ်သည်ဟု မီဒီယာသမားအ ဖွဲ့အစည်းများက ပြန်လည်တုံ့ပြန် ပြောဆိုလိုက်သည်။

ဇူလိုင်လ ရ ရက်က ပြောကြားခဲ့သည့် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းတွင် အရှေ့တောင်အာရှ၌ မြန်မာနိုင်ငံသည် မီဒီယာလွတ်လပ်မှု အမြင့်မားဆုံးနိုင်ငံများထဲက တစ်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့ခြင်းအပေါ် မီဒီယာအဖွဲ့အစည်းများက တုံ့ပြန်ပြောကြားကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက“သမ္မတပြောသလို မီဒီယာလွတ်လပ််မှု အမြင့်မားဆုံးနိုင်ငံတွေမှာ ပါပေမယ့် လက်ရှိအချိန်မှာ မီဒီယာလွတ်လပ်ခွင့်ကတော့ ဆုံးရှုံးနေပါတယ်။ တရားရင်ဆိုင်နေရတာတွေ၊ စုံစမ်းခံရတာတွေ ရှိပါတယ်”ဟု ပြောသည်။

၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ်အတွင်းက မီဒီယာလွတ်လပ်မှုနှင့်ပတ်သက်၍ ဖြေလျော့မှုများ ရှိလာသော်လည်း၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် မီဒီယာလွတ်လပ်ခွင့်ကို တည်ဆဲဥပဒေနှင့် ပြန်လည်ချုပ်ကိုင်၊ ထိန်းချုပ်သည်ကို မြင်တွေ့လာရသည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။

“ဖြေလျှော့ချင်တဲ့အချိန် ဖြေလျှော့တယ်။ တင်းချင်တဲ့အချိန် တင်းတယ်လို့ မြင်တယ်။ အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့နဲ့ယှဉ်ရင်လည်း ဥပဒေကြောင်းအရ အာမခံချက် မရှိသေးပါဘူး”ဟု ၎င်းက ပြောသည်။

မီဒီယာလွတ်လပ်မှုအပေါ်တွင် အစိုးရက တာဝန်မဲ့အလွဲသုံးစားပြုမူသည့် လုပ်ရပ်များရှိနေသည်အပေါ် ထိန်းကျောင်းမှုမရှိသည့်အတွက် စိုးရိမ်ရသည့် အနေအထားတွင်ရှိနေသည်ဟုလည်း ဧရာဝတီသတင်းဌာနမှ သတင်းတာဝန်ခံ အယ်ဒီတာ ကိုရဲနည်က သုံးသပ်သည်။

“လွတ်လပ်မှုဆိုတာက ဘယ်လောက်အတိုင်းအတာထိရှိလဲ၊ ဘာကိုပြောတာလဲ။ အာမခံချက်က မရှင်းပါဘူး” ဟု ၎င်းက ပြောသည်။

သမ္မတမိန့်ခွန်းတွင် မီဒီယာလွတ်လပ်မှု အမြင့်မားဆုံး ရရှိနေသည်ဆိုသော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းတပ်ဖွဲ့က သတင်းမီဒီယာဌာနအချို့ကို ဇွန်လမှ နောက်ဆုံးပတ်အတွင်းမှ စတင်၍ ခေါ်ယူစုံ စမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

Most read this week