သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁ဝ နှစ်မှ တစ်သက်တစ်ကျွန်း ကျနိုင်သည့်ပုဒ်မဖြင့် အမှုဖွင့်

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁ဝ နှစ်မှ တစ်သက်တစ်ကျွန်း ကျနိုင်သည့်ပုဒ်မဖြင့် အမှုဖွင့်
by -
မဇ္စျိမ

သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ရက် မွန်းလွဲ  ၁ နာရီခန့်က အမှုဖွင့်ထားသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို အတည်ပြုပြောကြားသည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်း၊ စခန်းမှုး ဒုရဲမှူး ကြာညိုက "သာသနာရေးဝန် ကြီးကို စသုံးလုံး(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)က အမှုဖွင့်ထားတာ ဟုတ်ပါတယ်"ဟု မဇ္စျိမကို အတည်ပြု ပြောကြားသည်။

miz2102

"ကျွန်တော်တို့စခန်းမှာတော့ ထိန်းသိမ်းထားတာမျိုးမရှိပါဘူး။ အမှုဖွင့်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို သူတို့(စသုံးလုံး)က ပြန်ယူသွားတယ်။ ကျွန်တော်တို့ ကားနားတောင် ကပ်လို့မရဘူး" ဟု ဖြည့်စွက်ပြောသည်။

ဦးဆန်းဆင့်အား အမှုဖွင့်ထားသည့် ပုဒ်မ ၄ဝ၉ သည် ပြည်သူ့ဝန်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ဖြစ်စေ၊ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေး တွေ့ရှိရပါက ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၁ဝနှစ်မှ တစ်သက် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား ငွေသိန်း ၁ဝဝခန့် အလွဲသုံးမှုဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ၂ဝ၁၃ခုနှစ် ဒီဇင်ဘာလက နေပြည်တော်၊ လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင် ကျေးရွာရှိ နှစ်ကျိပ်ရှစ်ဆူအောင် တော်မူ စေတီတော်ကို မိသားစု အလှူတစ်ရပ်အဖြစ် ထီးတော်တင်ရာ၌ ဌာနပိုင် ဘဏ္ဍာငွေ သိန်း၁ဝဝကျော်ကို ထုတ်ယူသုံးစွဲခဲ့ပြီး ယင်းငွေများအနက် ၂၈သိန်းကျော်ကို ပြန်လည်အပ်နှံခဲ့ရာ ရ၂သိန်းကျော်ကို အလွဲသုံးမှုဖြင့် ဦးဆန်းဆင့်အား အရေးယူထားခြင်းဖြစ်ကြောင်း Eleven Media က ရေးသားထားသည်။

ဒုရဲမှူး ကြာညိုက "ဒီပုဒ်မက အာမခံပေးလို့မရပါဘူး"ဟု ပြောသည်။

ဥတ္တရသီရိမြို့နယ်မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက "ပုဗ္ပသီရိတရားရုံးမှာ စသုံးလုံးရယ် သတင်း တပ်ဖွဲ့က ညွန်ချုပ်အဆင့်အထက် အရာရှိများပါ ကြိုရောက်နေတယ်။ ဦးဆန်းဆင့်နဲ့ သူရဲ့ ကိုယ်ရေးအရာရှိ ရောက်လာပြီး ရမန်ယူပြီး တစ်ခါတည်းခေါ်သွားတယ်။ တစ်နေရာရာမှာ စစ်ကြောရေးဝင်ဖို့ ဖြစ်လိမ့်မယ်လို့ထင်တယ်"ဟု ပြောသည်။ လက်ရှိတွင် ဦးဆန်းဆင့် မည်သည့် နေရာတွင် ရှိသည်ကိုမူ မသိရှိရပေ။

ယင်းသတင်းနှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနသို့ မဇ္စျိမက အတည်ပြုရန် သွားရောက်ခဲ့သော်လည်း သာသနာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရုံးအဖွဲ့မှူးအပါအဝင် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးပြုလုပ်နေသည်ဟုသာ သိရှိခဲ့ရပြီး မေးမြန်းခွင့် မရခဲ့ပေ။

ဝန်ကြီးဦးဆန်းဆင့်အား အမှုမဖွင့်မီ ဇွန်လ ၁၂ရက် နံနက် အစောပိုင်းက တာမွေမြို့နယ် နတ်ချောင်းရပ် ကွက်ရှိ မဟာသန္တသုခကျောင်းတိုက်ကို ချိတ်ပိတ်ခြင်းနှင့် ဇွန်လ ၁၃ရက်က သံဃာများကို လူဝတ်လဲ ထောင်ချခြင်းကို သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်က သဘောမကျခဲ့ဘဲ ပြည်ထောင်စု အစိုးရနှင့်သဘောထားကွဲလွဲမှု ရှိထားသည်ဟု ဦးဆန်းဆင့်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက Eleven မီဒီယာကို ပြောကြားထားသည်။

ဇွန်လ ၁၉ရက်ကလည်း သမ္မတ၏ အကြံပေးအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းပြီး သာသနာရေး အကြံပေးအဖွဲ့ ပါဝင်ခဲ့သည်။ သာသနာရေး အကြံပေးအဖွဲ့တွင် ယခင်သာသနာရေးဝန်ကြီး သူရမြင့်မောင်ကို အကြံပေး အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ထားသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် ယခင်က ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်း ဆောင်နေရာမှ ၂ဝ၁၃ နှစ်ဆန်းပိုင်းတွင် သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

Most read this week